ဖိလစ်ပိုင်အထူးသံတမန် တရုတ်တာဝန်ရှိသူနှင့် အလွတ်သဘောတွေ့ဆုံ

ဖိဒယ်ရာမို့စ်
တရုတ်နိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးတိုးတက်စေဖို့  တရုတ်တာဝန်ရှိသူနဲ့ အလွတ်သဘောဆွေးနွေးရာမှာ အပြုသဘောဖြစ်ထွန်းတိုးတက်မှုတွေရှိတယ်လို့  ဖိလစ်ပိုင် အထူးသံတမန် ဖိဒယ်ရာမို့စ်က ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်လို့ အချေအတင်ဖြစ်နေတဲ့ တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ရေးအရ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်သူ့ကွန်ဂရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဖုရင် (ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း) နဲ့ ၂ ရက်ကြာ ဆွေးနွေးခဲ့တဲ့အပေါ် ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်က သတင်းထောက်တွေကို ဒီကနေ့ ပြောဆိုခဲ့တာပါ။ နှစ်ဘက်ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်အောင် နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လိုတယ်လို့ မစ္စတာရာမို့စ်က ပြောပါတယ်။ တရုတ်နိုင်ငံမှာ တရားဝင်တွေ့ဆုံမှု အလားအလာနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုတော့ သမ္မတ ဒူတာတေးက ဆုံးဖြတ်ချက်ချမှတ်လိမ့်မယ်လို့ ပြောပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်အကြား တောင်တရုတ်ပင်လယ်ပြင်ပိုက်နက် အငြင်းပွားမှုကို ပြောဆိုဖို့အတွက် မစ္စတာရာမို့စ်ကို သမ္မတဒူတာတေးက အထူးသံတမန်အဖြစ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက သည်ဟိတ်အနုညာတ တရားရုံးက တောင်တရုတ်ပင်လယ်ပိုင်နက်အကုန်လုံးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့တိုင်ကြားချက်ကို တရားရုံးက အနိုင်ပေးခဲ့တာပါ။ ဒီဆုံးဖြတ်ချက်အပေါ် ရပ်တည် ဆွေးနွေးဖို့ သမ္မတဒူတာတေးက မစ္စတာရာမို့စ်ကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ တရုတ်ဘက်က တရားရုံးဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ပြောထားတာပါ၊ ဒါပေမယ့် အငြင်းပွားနေတဲ့ သက်ဆိုင်ရာ နိုင်ငံတခုချင်းစီနဲ့ဆွေးနွေးဖို့ကိုတော့ လိုလားတယ်ဆိုတာ မကြာ ခဏ ပြောနေပါတယ်။ သတင်းရင်းမြစ် -nhk

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up