Home
မေးမြန်းခန်း
လူငယ်တွေ ခေတ်နဲ့အညီ ပညာရေးကို ဘယ်လိုခြေလှမ်း လှမ်းရမလဲဆိုတာ သိစေချင်တယ် - ဦးမောင်မောင်ဝမ်း
DVB
·
August 14, 2016
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အစိုးရကနေပြီး အမည်ပျက်စာရင်း ကြေညာထားတဲ့ အထဲက ဖျက်သိမ်းပေးလိုက်တဲ့အထဲမှာ မြန်မာနိုင်ငံသား ၂၄၈ ယောက် ပါဝင်ပါတယ်။ အဲဒီမှာ မြန်မာပြည်ကနေပြီးတော့ သွားလိုက်ပြန်လိုက် နှစ်ကြိမ်လောက် ပြန်ပို့ခံခဲ့ရတဲ့ ၈၈ ကာလ မြေလတ်ဒေသ သပိတ်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဦးမောင်မောင်ဝမ်းလည်း ပါဝင်ပါတယ်။ အခုဆိုရင် ဦးမောင်မောင်ဝမ်းဟာ မြန်မာပြည် ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးမောင်မောင်ဝမ်းရဲ့ အတွေ့အကြုံတွေ၊ သူ့ရဲ့ ရှေ့ကို မြန်မာပြည်မှာ လုပ်ဆောင်ချင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အစ်ကိုက ၂၀၁၄ တုန်းကတကြိမ်၊ ပြီးခဲ့တဲ့ အပတ်လောက်ကတကြိမ်၊ မြန်မာပြည် ရောက်ပြီးတော့မှ ပြန်ပို့ခံလိုက်ရတယ်။ အခုတော့ မြန်မာပြည် ပြန်ရောက်လာပြီပေါ့။ အဲဒီတော့ အစ်ကို့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ဖြေ - ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရောက်တယ်ဆိုတော့ ၀မ်းသာတာပေါ့။ ဒီလိုပဲ ကျနော်တို့ အခက်အခဲတွေ၊ ဒုက္ခပေါင်းစုံတွေတော့ ရင်ဆိုင်ခဲ့ရတာပေါ့လေ။ အများကြီးတော့ ၀မ်းသာပါတယ်၊ ပြန်လည်ခြေချခွင့်ရတာပေါ့။ မေး - ဟုတ်ကဲ့၊ အခု အစ်ကိုလာတဲ့ ဗီဇာက ဘယ်နှရက်နေခွင့်ရမှာလဲ။ ဖြေ - အခုဟာက ကျနော်က Business ဗီဇာနဲ့ လာတယ်။ ဘာလို့ Business ဗီဇာနဲ့ လာလဲဆိုတော့ ပြီးခဲ့တဲ့ အခေါက်တုန်းက ကျနော်က ဆိုရှယ်ဗီဇာနဲ့ လာပြီးတော့ စာသင်ကြားတဲ့အခါမှာ ကျနော့်ရဲ့ ဆိုရှယ်ဗီဇာက စာသင်ကြားခွင့်မရှိဘူး။ ဟောပြောပို့ချခွင့် မရှိဘူး။ ဒါကြောင့်မို့ ကျနော့်ကို ပြည်နှင်ဒဏ်ပေးခံရတယ်ပေါ့။ ဒါကြောင့် ကျနော်က ဥပဒေနဲ့ ညီညွတ်အောင်လို့ဆိုပြီးတော့ Business ဗီဇာနဲ့ လာတဲ့အတွက် သူက ရက် ၇၀ ပေးပါတယ်။ မေး - ဆိုတော့ ရက် ၇၀ ထဲမှာ အစ်ကိုလုပ်စရာရှိတဲ့ ပညာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေလုပ်မယ်။ ပြီးရင်ပြန်မယ်ပေါ့။ အဲတော့ ပထမတုန်းက လာတဲ့ပုံစံတုန်းက ဥပမာ ကျနော်တို့ စဉ်းစားစရာတွေ အများကြီးရှိတာပေါ့။ ဥပဒေကြောင်းအရ ပြောရင်၊ စည်းမျဉ်းစည်းကမ်း အရပြောရင် အစ်ကို့လိုပဲ ဗီဇာနဲ့လာတယ်။ ဒီလိုမျိုး ပညာရေးနဲ့ပတ်သက်တဲ့ Activities တွေ အများကြီးလုပ်နေတဲ့ လူတွေ အများကြီးရှိတယ်။ နိုင်ငံခြားသားတွေလည်း ပါတယ်။ အစ်ကိုကျတော့မှ ပြန်ပို့လိုက်တယ်ဆိုတာမျိုး ဒါမျိုးအချက်တွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော အစ်ကို အခုအချိန်မှာ ဘယ်လိုမျိုးများ ပြန်ခံစားရလဲ။ ဖြေ - သူက ဒီလိုပါ၊ ကျနော်က ဆိုရှယ်ဗီဇာ ဖောက်ဖျက်တယ်တို့၊ နောက်တခါ ဗီဇာရက် ကျော်လွန်တယ်တို့ ဘာတို့ဆိုတဲ့ကိစ္စက ဒါကတော့ အကြောင်းပြချက်ပါ။ အဓိက ကျနော့်ကို လုပ်တဲ့ကိစ္စက ၈၈ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့တာ တချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့ ဒီမိုကရက်တစ်အင်အားစုဖြစ်တာ တချက်ရယ် အဲဒီနှစ်ချက်နဲ့ ကျနော့်ကို လုပ်လိုက်တာပေါ့။ ၂၀၁၄ တုန်းကပေါ့။ မေး - အခု ၂၀၁၆ အစိုးရသစ်လည်း ပြောင်းသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရလည်း တက်လာပြီ။ ဒါပေမယ့် ဦးမောင်မောင်ဝမ်း လေဆိပ်ရောက်တော့ အမေရိကားကို ပြန်ပို့လိုက်တယ်။ နာရီပေါင်းများစွာ လေယာဉ်ပေါ်မှာ လေယာဉ်စီးခဲ့ရတယ်။ ဘယ်အချိန်မှာ ပြန်သိရလည်း ပြန်လာခွင့်ရပြီ ဆိုတာကို။ ဘယ်လိုခံစားရလဲ။ ဖြေ - ကျနော်က ဒီကိုမလာခင်မှာပေါ့ဗျာ ဥပဒေနဲ့ ညီညွတ်စွာ ကျနော်က သံရုံးကို ဗီဇာတင်ပါတယ်။ ဗီဇာတင်တဲ့အခါမှာ ချက်ချင်း သံရုံးက ကျနော့်ကို ဗီဇာပေးတယ်။ ရက် ၇၀ ဗီဇာပေးတယ်ပေါ့။ အားလုံးကတော့ ကျနော်တို့ သံရုံးက ဗီဇာပေးရင် ၀င်ခွင့်ရတယ်ပဲ ထင်ကြတာပေါ့။ ဒီဗီဇာကို ကိုင်ပြီးတော့ ကျနော် မြန်မာနိုင်ငံကို ၀င်လာခဲ့တယ်။ ၀င်လာခဲ့တဲ့အချိန်မှာ ချက်ချင်းပဲ ကျနော် အချိန် သိပ်တောင်မကြာလိုက်ဘူး။ သက်ဆိုင်ရာက ခေါ်ပြီးတော့ ကျနော်ဟာ ၂၀၁၄ တုန်းကကိစ္စနဲ့ ပတ်သက်လို့ Black List သွင်းထားတာ ဖြစ်တဲ့အတွက် ၀င်ခွင့်မပေးနိုင်ပါဘူး ဆိုပြီးတော့ ပြန်နှင်ထုတ်ခြင်း ခံရတယ်ပေါ့နော်။ ပြန်နှင်ထုတ်ခြင်း ခံရတဲ့အခါကျတော့ ချက်ချင်းပဲ ကျနော်က ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန် တနာရီလောက်အတွင်းမှာပဲ ပြန်ပြီးတော့ ချက်ချင်းထွက်သွားရတယ်ပေါ့။ စိတ်တော့မကောင်းဘူးပေါ့နော်။ လူကလည်း အရမ်းပင်ပန်းတယ်။ ဒီလေယာဉ်ခရီးစဉ်ကြီးကလည်း အရမ်းကြီးကို ၂၅ နာရီပေါ့နော်။ ပျမ်းမျှအားဖြင့် ကျနော်တို့ ကျော်လာရတာ ၂၅ နာရီလောက်ဆိုတော့ အရမ်းပင်ပန်းတယ်လေ။ တကြောင်းဆိုရင်တောင်မှ တော်တော်လေး ခံရပါတယ်။ အဲဒီအချိန်မှာတော့ စိတ်ထဲမှာ နည်းနည်းလေးတော့ ကသိကအောက်တော့ ဖြစ်တာပေါ့။ သို့သော် ကျနော်လည်းမသိဘူးပေါ့၊ ပြန်သွားတာပေါ့နော်။ လေယာဉ်ပေါ်ဆိုတော့လည်း အဆက်အသွယ်က မရဘူးပေါ့။ နောက်တခုက ကျနော် တိုင်ဝမ်ကို ရောက်တဲ့အချိန်ကျတော့ အဆက်အသွယ်က မရဘူးပေါ့။ တောက်လျှောက် တိုင်ပေမှာလည်း ကျနော် မနားရဘူးပေါ့နော်။ လေယာဉ်ပျံက တောက်လျှောက် ထွက်သွားတဲ့အခါကျတော့ အမေရိကားရောက်တဲ့အထိ တော်တော်ပင်ပန်းပါတယ်။ အမေရိကားအရောက်မှ ကျနော် နယူးယောက်ကိုရောက်မှ ကျနော့်သူငယ်ချင်းတွေက လာကြိုရင်းနဲ့ ကျနော့်ကို ပြောတယ်ပေါ့။ အခြေအနေကတော့ အဲလိုဖြစ်ကုန်ပြီ ဘာညာပေါ့။ သူပြောမှ ကျနော်သိတယ်ပေါ့။ အဲတော့ ပြန်ဝင်ခွင့်ရတယ်။ ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်ခွင့်ပြုချက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းရဲ့ ကြိုးစားမှုတွေ၊ ကျနော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုဇာဂနာတို့၊ ပန်းချီထိန်လင်းတို့၊ မျိုးမြင့်တို့ ကြိုးစားမှုတွေကြောင့် အဆင်ပြေပြီဆိုတော့ ကျနော်က မခံနိုင်တော့ဘူး။ မခံနိုင်တော့ဘူးဆိုတာက ရုပ်ပိုင်းဆိုင်ရာအရ ပြိုလဲတော့မယ်ပေါ့။ လေယာဉ်ပျံပေါ်မှာလည်း ကျနော် မူးပြီးလဲသွားတယ်ပေါ့။ ဆိုတော့ ပြန်ဝင်ခွင့်ပေးမယ်ဆိုတာတော့ ၀မ်းတော့သာပါတယ်။ သို့သော်ငြားလည်းပဲ ချက်ချင်းကြီးတော့ ကျနော်ပြန်မလာနိုင်ဘူး။ ရက်အနည်းငယ် အနားယူပြီးမှ ပြန်လာနိုင်တယ်ပေါ့။ ဒါကလည်း ဘာလဲဆိုတော့ ကျနော်တတ်နိုင်သလောက် ကျနော့်တိုင်းပြည်အတွက် ကျနော်တတ်ထားတဲ့၊ ကျနော်တို့သိထားတဲ့ အသိပညာတွေ၊ အတတ်ပညာတွေနဲ့ တိုင်းပြည်ကို ပြန်အကျိုးပြုချင်တယ်ပေါ့နော်။ တကယ်တမ်းကျတော့ ကျနော်တို့လည်း ဟိုဘက်မှာ အလုပ်အကိုင်တွေနဲ့ ၀င်ငွေရှိတဲ့ အလုပ်အကိုင်တွေ လုပ်နေကြတဲ့သူတွေပါ။ အချိန်ပေးပြီးတော့ တိုင်းပြည်အတွက် လာရတယ်ပေါ့နော်။ ဟိုဘက်ကဟာတွေ စွန့်လွှတ်ပြီးတော့ပါ။ မေး - အခုလောလောဆယ် ကျနော်သိချင်တဲ့ နောက်တချက်က ဒီ Black List စာရင်းထဲ ကနေပြီးတော့မှ ဖယ်ပေးလိုက်တယ်။ ၂၄၈ ယောက်ကို ဖယ်ပေးလိုက်တယ်။ ဒါပေမယ့် ၁၈၅ ယောက်လောက် ကျန်နေသေးတာရှိတယ်။ ကျန်နေသေးတဲ့ထဲမှာဆိုရင် ကျနော်တို့သိတဲ့ ထင်ရှားတဲ့ အစ်ကိုတို့လိုပဲ ၈၈ ကာလတုန်းက သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမိုးသီးဇွန်တို့ ကျန်နေသေးတယ်လို့ ကျနော်တို့သိရတယ်။ အဲတော့ ဒီလူတွေကို ချန်ထားတာနဲ့ ပတ်သက်ပြီးတော့ အစ်ကို့စိတ်ထဲမှာ ဘယ်လိုများခံစားရလဲ၊ ဘယ်လိုများ ပြောချင်လဲ။ ဖြေ - တကယ်တမ်းကျတော့ဗျာ ကိုမိုးသီးဇွန် အပါအ၀င်ပေါ့ဗျာ။ တချို့သော ခေါင်းဆောင်တွေ အားလုံးက ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် လှုပ်ရှားတဲ့ ခေါင်းဆောင်တွေပါ။ ဒါကို ကျနော်တို့ တံဆိပ်တွေအမျိုးမျိုးတပ်ပြီးတော့ Black List တွေသွင်းပေါ့။ သူတို့ တံဆိပ်တပ်ချင်တဲ့အခါကျရင် ကြိုက်တဲ့တံဆိပ်တပ်တာပါပဲ။ ကြိုက်တဲ့ပုံစံနဲ့။ တခါတလေမှာကျတော့ ကျနော်တို့မှာ ပြဿနာတခုက ဘာလဲဆိုတော့ Black List  က ကိုယ်က Black List  ဟုတ်လား မဟုတ်လားကို မသိဘူး။ ကျနော် ဒီမှာ ကြားရတယ်ပေါ့။ လာခါနီးလေးတင်ပေါ့ ကျနော်ကြားရတယ်။ တချို့မေးတယ်တဲ့ သက်ဆိုင်ရာ ဌာနတွေကိုပေါ့နော်။ မေးတော့ ဘာမှပြန်ဖြေကြားခြင်း မရှိဘူးတဲ့။ ကျနော်တို့က ဘယ်လိုဆုံးဖြတ်ရမှန်းလည်း မသိဘူး။ အဲတော့ ဥပမာဆိုကြပါစို့။ သံရုံးကိုမေးလို့လည်း မရဘူးပေါ့နော်။ တခါ သံရုံးကနေပြီးတော့ ဗီဇာပေးလိုက်ရင်လည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘူးဖြစ်နေတယ်။ တိုင်းပြည်ထဲဝင်လာရင် ပြန်နှင်ထုတ်မလားဆိုတဲ့ သံသယစိတ်တွေ ရှိတယ်ပေါ့နော်။ အဲဒါအတွက် လက်ရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ပြတ်ပြတ်သားသား တခုတော့ ပြောပေးဖို့တော့ လိုပြီပေါ့။ အာမခံချက်ပေါ့နော်။ ဒီကိစ္စတွေက ဒီလိုရှိပါတယ်။ ဒါတွေကို ဒီလိုလုပ်ပေးပါမယ်ဆိုတဲ့ အာမခံချက် ပြတ်ပြတ်သားသား ပြောဖို့တော့လိုပြီ။ ရှေ့ကတမျိုး နောက်ကတမျိုး လုပ်နေတဲ့ဟာတွေကျတော့ ထိခိုက်တဲ့သူမှာ တော်တော်ထိခိုက်တယ်ဗျ။ နစ်နာတယ်ပေါ့နော်။ ကျနော်လည်းမသိဘူး။ ဘယ်သူက Black List၊ ဘယ်သူက လွတ်ကင်းတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဖြစ်သင့်တာကတော့ဗျာ၊ ဒီလူတွေဟာ Black List တွေ၊ မောင်ဖြူ၊ မောင်နီ၊ မောင်ပြာ၊ မောင်ဝါဗျာ။ ဘာကြောင့် Black List ဆိုတာမျိုးကိုတော့ ထုတ်ပြန်သင့်တာပေါ့။ အဲဒီအခါမှာ သူ့ဘက်ကလည်း ဖြေရှင်းခွင့်ရှိတယ်လေ။ ကိုယ့်အကြောင်း ကိုယ်သိထားတဲ့ အခါကျရင် သူလည်း ထုချေခွင့်ရှိတယ်။ နောက်တခုက ပြတ်ပြတ်သားသား သိရတဲ့အခါကျတော့ လုပ်သင့်လုပ်ထိုက်တာလည်း လုပ်လို့ရတာပေါ့။ နဂိုကတည်းကသာ သံရုံးက ကျနော့်ကို Black List ဆိုတာသိရင် ကျနော်ကလည်း အပင်ပန်းခံပြီးတော့ ပိုက်ဆံတွေ အကုန်ခံပြီးတော့ မလာတော့ဘူးလေ။ ဒီ Black List က လွတ်တဲ့အချိန်ကို ကျနော်တို့ စောင့်ပြီးမှလာမှာပေါ့။ မေး - သူတို့က ယေဘုယျအားဖြင့် ပြောရင်တော့ သူတို့ကြေညာထားတဲ့ အထဲမှာဆိုရင် အကြမ်းဖက်သမားတွေ၊ နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်တဲ့သူတွေ၊ ဒါ ပြစ်မှုကျူးလွန်သူတွေကျတော့ ဆက်ပြီးတော့မှ Black List စာရင်းထဲ ထည့်ထားတယ်။ အဲတော့ ကျနော်တို့ ပြောရရင် လူတွေကတော့ ၁၈၀ ကျော်လောက် ကျန်တာပေါ့။ အားလုံးက ဒီလိုမျိုးခေါင်းစဉ်တွေနဲ့ ပတ်သက်လို့ နည်းနည်းတော့ ပြောမယ်ဆိုရင် ဆွေးနွေးစရာတွေ၊ ငြင်းခုန်စရာတွေ၊ အငြင်းပွားစရာတွေ အများကြီးရှိမယ်ပေါ့နော်။ ဖြေ - အင်းပေါ့၊ အကြမ်းဖက်ဆိုတာမျိုးကို သူတို့က ဘယ်လိုသတ်မှတ်တာလဲပေါ့။ ဥပမာ တခုခုနဲ့ ငြိစွန်းတာကို သူတို့က ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုလဲပေါ့။ ဥပမာဆိုပါစို့ ကျနော့်ကိစ္စတွေနဲ့ ပတ်သက်လို့ Black List သွင်းတဲ့အခါမှာ လူတွေကြားထဲမှာ ရယ်စရာကြီး ဖြစ်တယ်ပေါ့နော်။ ဘယ့်နှယ့် စာသင်တဲ့ကိစ္စကို Black List သွင်းတယ်။ ဆိုလိုတဲ့သဘောက ပြန်ပို့လိုက်တာ ကိစ္စမရှိဘူးလေ။ စာသင်တယ်၊ ဗီဇာစည်းမျဉ်းစည်းကမ်းနဲ့ ငြိလို့ ကိစ္စမရှိဘူး။ ပြန်သွားရလည်းပေါ့။ ကျနော်ပြန်ရတာ အမေရိကန်ပြန်ရတာပါ။ ဆီးရီးယားပြန်ရတာလည်း မဟုတ်ပါဘူး။ အာဖဂန်ပြန်ရတာလည်း မဟုတ်ဘူးပေါ့။ နောက်တခုက ဗီဇာရက်လွန်တယ်ပေါ့နော်။ ရက်လွန်တယ်ဆိုတဲ့ ကိစ္စမှာလည်းပဲ ကျနော် သက်ဆိုင်ရာကို မေးတာပဲ။ ကျနော်က တပတ်လောက်ပဲ ပိုနေချင်တယ်လို့ပြောတာ။ အဲဒီကာလ ၂၀၁၄ ပေါ့။ တပတ်ဆိုတာ မလုံလောက်ဘူး။ ဗီဇာလျှောက်ဖို့အတွက်၊ အားလုံးအားလုံးသော လူတွေက တရက်ကို ၃ ဒေါ်လာ ဒဏ်ကြေးငွေနဲ့ ပေးပြီးရင် လူတွေထွက်နေကြတာပဲ။ အများကြီးပဲ အများကြီးပဲ ဘယ်သူမှလည်း ပြဿနာမတက်ဘူး။ ကျနော့်အလှည့်ကျမှ ပြဿနာတက်တာပေါ့။ ဒါကတော့ လူခင်လို့ မူပြင်တယ်၊ လူမုန်းလို့ မူသုံးတဲ့ကိစ္စပဲ။ အဲတော့ အကြမ်းဖက်တယ် မဖက်ဘူး၊ ဟိုဟာ ဒီဟာတို့ ဆိုတာလည်း ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သတ်မှတ်ထားသလဲဆိုတာ ကျနော် မသိဘူးပေါ့။ မေး - ဟုတ်ကဲ့ အဲဒါဆိုရင် ကျနော်တို့ ပြောရမယ်ဆိုရင် အခုကတော့ ကျနော်တို့ ၂၀၁၀ လောက်ကစပြီး ရွေးကောက်ပွဲနဲ့ အပြောင်းအလဲ ဖြစ်သွားတယ်။ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် တက်လာတယ်။ အပြောင်းအလဲတွေက ပိုပြီးတော့ ထင်ရှားလာတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတော့၊ ဒါပေမယ့်လည်း ခုနလိုမျိုး လူခင်လို့ မူပြင်တဲ့ကိစ္စတွေ ပြောမယ်ဆိုရင် အမြင်ကတ်ပုဒ်မနဲ့ စွဲတဲ့ကိစ္စတွေကတော့ ဆက်ရှိနေသေးတယ်လို့ ယေဘုယျ ပြောရမှာပေါ့။ အဲတော့ ကျနော် နောက်သိချင်တဲ့ကိစ္စက အစ်ကိုက ၈၈ ကာလတုန်းက ရေနံချောင်းဘက်မှာ သပိတ်ခေါင်းဆောင် ဖြစ်ခဲ့တယ်။ မြေလတ်ဒေသ သပိတ်။ ဒါပေမယ့် အခုပြန်လာတယ်။ ပညာရေးကိစ္စတွေ အဓိကလုပ်ချင်တယ်ပေါ့။ တောက်လျှောက်လည်း ပညာရေးနဲ့ ပတ်သက်ပြီးတော့ လုပ်နေတာ ကျနော်တို့သိရတယ်လေ။ အဲတော့ သပိတ်ခေါင်းဆောင်တယောက်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တယောက်ဟာ ပညာရေးကဏ္ဍဘက်ကို ဇောက်ချလုပ်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်လိုက်လဲ။ ဘယ်လိုကြောင့် ဆုံးဖြတ်တာလဲ။ ဖြေ - ကျနော် အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာပေါ့နော်။ ပညာရေးကို အဓိကထား လုပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ယုံကြည်ချက်တခုက ဒီမိုကရေစီစနစ်နဲ့ပဲ ထူထောင်ထူထောင်၊ အထူးသဖြင့် ဒီမိုကရေစီစနစ်နဲ့ ထူထောင်တယ်ဆိုရင် ဒီမိုကရေစီ ဆိုတိုင်းလည်း တိုင်းပြည်တိုးတက်တာမှ မဟုတ်တာကိုး။ ကျနော်တို့ ဒီမိုကရေစီစနစ် ဆိုပြီးတော့ သိပ်မအောင်မြင်တဲ့ နိုင်ငံတွေလည်း ရှိတယ်လေ။ အနီးနားမှာကို ရှိပါတယ်။ အာဖရိက နိုင်ငံတွေလည်း ရှိတယ်ပေါ့။ လူသားတွေရဲ့ အရင်းအမြစ် တိုးတက်ရေးဟာ အဓိကကျတယ်ပေါ့။ လူသားတွေရဲ့ အရင်းအမြစ် တိုးတက်မှသာလျှင် ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်မယ်။ အဲတော့ လူသားတွေ အရင်းအမြစ်တိုးတက်ဖို့ဆိုတာ ပညာရေးက အဓိကကျတယ်ပေါ့။ ဒါကြောင့်မို့ ကျနော်က ပညာရေးကို အဓိကဦးစားပေးပြီး ကျနော်လုပ်ချင်တယ်။ နိုင်ငံရေးကိုသွားချင်တဲ့ သူတွေကလည်း သွားကြပေါ့နော်။ ကိုယ့်ကဏ္ဍလေးနဲ့ ကိုယ်ပေါ့နော်။ ကိုယ်ကျရာတာဝန်လေးနဲ့ ကိုယ်လုပ်ချင်တဲ့ဆန္ဒကြောင့် ကျနော်က ပညာရေးလိုင်းဘက်ကို ကူးသွားတာပေါ့။ ဒါလေးပါပဲ။ မေး - အခုပြန်လာတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ ဗမာပြည်မှာ ဘယ်လိုဟာမျိုးတွေ ကွက်လပ်တွေကို တွေ့လဲ။ ဘယ်လိုကိစ္စတွေမှာ ၀င်လုပ်ဖို့ စိတ်ကူးထားလဲ။ ဖြေ - အဓိကကတော့ဗျာ လူငယ်တွေပေါ့။ လူငယ်တွေကို ခေတ်နဲ့အညီ၊ ဒီပညာရေးကို ဘယ်လိုခြေလှမ်း လှမ်းရမလဲ ဆိုတာတွေကို ကျနော်သိစေချင်တယ်။ နောက်တခုကကျတော့ ဒီမှာ ကျနော်က စီစဉ်ထားတာက E-Learning Center တွေပေါ့။ E-Learning Center ဆိုတာက အခုလိုပေါ့ စတူဒီယိုထဲကနေပြီးတော့ ဆရာက သင်မယ်ပေါ့။ ဆရာကသင်ပေး တနိုင်ငံလုံးမှာရှိနေတဲ့ ကျောင်းသားတွေကနေပြီးတော့ လေ့လာလို့ရတယ်။ ဒါပေမယ့် အခုလို အသံလွှင့်တဲ့ပုံစံတော့ မဟုတ်ဘူး။ တဖက်သတ်မဟုတ်ဘူး။ သူက အင်တာအက်ရှင်လို့ခေါ်တဲ့ အပြန်အလှန် ပြောလို့ရတယ်။ ကျောင်းသားက နားမလည်ဘူးဆိုလည်း လှမ်းမေးမယ်။ ဆရာက ပြန်ဖြေမယ်ပေါ့။ အဲလိုစင်တာတွေ ကျနော်တို့က ဖွင့်ချင်တယ်။ အဲဒါကလည်း ကုန်ကျစရိတ် အရမ်းကြီး မများပါဘူး။ ဒါကို စိတ်ကူးယဉ်တာလည်း မဟုတ်ဘူး။ လက်တွေ့လုပ်နိုင်တယ်။ ကွန်ပျူတာရယ်၊ စာသင်ခန်းရယ်၊ ကင်မရာရယ်ရှိရင် လုပ်လို့ရသွားပြီပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်က အမေရိကားမှာရှိတဲ့ ကုမ္ပဏီတွေနဲ့လည်း ကျနော်ညှိနှိုင်းတယ်ပေါ့။ ကုန်ကျစရိတ်တော့ အနည်းငယ်တော့ ရှိတာပေါ့။ ဒါပေမယ့် အဲဒီကုန်ကျစရိတ်က တတ်နိုင်တဲ့ ကုန်ကျစရိတ်ပေါ့။ အဲဒီအခါမျိုးမှာ ကျနော်က ဒီလို အင်္ဂလိပ်စာတင်မကဘူးပေါ့နော်။ တခြားသော ပညာရပ်တွေပေါ့ ဥပမာ Management လိုဟာမျိုးတွေ၊ ပညာရပ်မျိုးစုံပေါ့နော်။ အဲဒါတွေကို ဗမာပြည်ရဲ့ မြို့နယ်အသီးသီးမှာရှိနေတဲ့ ပညာသင်ယူလိုတဲ့ ကျောင်းသူကျောင်းသားတွေဟာ တကယ့်မြို့ကြီးပြကြီးတွေကို အကုန်အကျခံပြီး လာစရာ မလိုတော့ဘဲနဲ့ အဲဒီစင်တာတွေမှာပဲ ဈေးနှုန်းချိုချိုနဲ့။ ဈေးနှုန်းချိုချိုဆိုတာက ကျနော်တို့က စီးပွားရေးမဟုတ်ပါဘူး။ ဒီရဲ့ ကုန်ကျစရိတ်တွေကို ပြန်ဖာလို့ရရင် တော်ပြီပေါ့ဗျာ။ ဈေးနှုန်းချိုချိုလေးတွေနဲ့ ကျနော်တို့ လုပ်ပေးမယ်ပေါ့။ ကိုယ်လိုချင်တဲ့ ပညာတွေကိုလည်း ကိုယ့်ဒေသမှာပဲ ဆည်းပူးလို့ရအောင်။ နောက်တခုက အသံလွှင့်တဲ့ပုံစံလည်း မဟုတ်ဘူး။ ဆရာနဲ့ အမြဲတမ်း တိုက်ရိုက်ပေါ့နော်။ ဆရာနဲ့ Live ပေါ့၊ သင်ကြားချိန်မှာ သင်ကြားပေးနေတဲ့ဟာမျိုးပေါ့။ E-Learning Center လို့ခေါ်တာပေါ့။ အဲဒါတွေကို ကျနော်က စအကောင်အထည်ဖော်ချင်တာ။ အဲဒါတွေအတွက် ကျနော်က ဒီမှာ ဘယ်လိုအခြေအနေရှိသလဲ။ အထွေထွေကို လေ့လာဖို့အတွက် လာတာပေါ့နော်။ တွေ့ဆုံမေးမြန်းသူ - နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024