ဘဏ်ကောင်တာပေါ်တက် သေနတ်ဖြင့်ချိန် ဓားပြတိုက်ခဲ့သူကို ထိုင်းရဲရှာဖွေနေ (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ သနာချာ့တ်ဘဏ်ရဲ့ ကောင်တာပေါ်တက်ပြီး ၀န်ထမ်းအမျိုးသမီးကို သေနတ်နဲ့ချိန်ကာ ဘတ်ငွေ ၄ သိန်း ဓားပြတိုက်ခဲ့သူ အမျိုးသားကို ရဲတွေက ရှာဖွေနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ ဘန်ကပီဧရိယာတွင်း၊ Crystal Design ဈေးဝယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ သနာချာ့တ်ဘဏ်ခွဲအတွင်းမှာ သြဂုတ် ၁၁ ရက် နေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးနယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါလက်နက်ကိုင်ဓားပြဟာ အသက် ၃၀ နဲ့ ၃၅ နှစ်ကြားရှိပြီး မျက်နှာတခုလုံးကို ဆိုင်ကယ်စီးဦးထုပ်နဲ့ ဖုံးကွယ်ထားခဲ့တာလို့ ဆိုပါတယ်။ သူဟာ ဘဏ်တွင်းဝင်ရောက်လာခဲ့ချိန်မှာ အနက်ရောင်သေနတ်တလက်ကို ယူဆောင်လာခဲ့ပြီး အော်ဟစ်နေသူတွေကို သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ ကောင်တာပေါ်တက်ကာ ၀န်ထမ်းအမျိုးသမီးကို ခြိမ်းခြောက်ပြီး အံဆွဲတွေထဲက ဘတ်ငွေတသိန်းစီကို အိတ်တွေနဲ့ ခွဲထည့်ပြီး စုစုပေါင်း ဘတ်ငွေ ၄ သိန်းကို ယူသွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက်မှာ သူဟာ ဘဏ်ရှေ့မှာ ဆိုင်ကယ် ၁ စီးနဲ့ အသင့်စောင့်နေသူ တဦးနဲ့အတူ ထွက်ပြေးသွားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ ချော့ခ်ချိုင်ခရိုင်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up