နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကြားကာလ ပြည်တွင်းဒုက္ခသည်များ အခက်အခဲဖြစ်

830
လက်ရှိမြန်မာပြည်တွင်း နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ဆဲ ကြားကာလမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ပြည်သူတွေအနေနဲ့ သူတို့ဘ၀အခြေကျဖို့ မထူထောင်နိုင်သေးသလို နိုင်ငံတကာထောက်ပံ့မှုတွေလည်း လျော့ကျသွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောပါတယ်။
မြန်မာပြည်အရှေ့တောင်ပိုင်း နယ်စပ်တလျှောက်ရှိ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်က နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ပြည်သူပေါင်း ၃ သောင်းခွဲကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းဒါရိုက်တာ နိုင်အဲမွန်က ဒီဗွီဘီကို ပြောပါတယ်။
“အန်ဂျီအိုတွေရဲ့ အထောက်အပံ့လျော့ချရေးနဲ့ ကိုယ့်ကိုယ်ကိုထူထောင်ရေး မူဝါဒအရ သူတို့ကိုကြိုပြီးတာ့ အရည်အချင်းမြှင့်သင်တန်းတွေ ပေးထားတာရှိတယ်၊ အဓိကက မွေးမြူရေးတို့ တနိုင်တပိုင်စိုက်ပျိုးရေးတို့ပေါ့၊ သို့သော် သူတို့ရှိတဲ့နေရာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတဲ့နေရာဖြစ်တယ်။ နောက်ပြီးတော့ မျိုးစေ့တို့၊ မြေသြဇာတို့၊ ပြီးတော့ တခြားမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဆက်စပ်အသုံးပြုတဲ့ ကိရိယာတို့စတဲ့ တောက်လျောက် ရပ်တည်နိုင်တဲ့အရင်းအမြစ်က သူတို့ဆီမှာမရှိဘူးလေ၊ သူတို့က တသက်လုံး အလှူရှင်တွေ ဆီကနေ ရပ်တည်နေရာက ဗြုန်းဒိုင်းဆို အလှူရှင်တွေက ထောက်ပံ့မှုကို လျှော့ချလိုက်တော့ ပြင်ဆင်မှုတွေလည်း မလုပ်ထားရတော့ အခက်အခဲတွေ ဖြစ်နေတယ်။”
အဲဒီပြည်တွင်းဒုက္ခသည်တွေထဲမှာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ ခလရ ၆၂ က မွန်ပြည်သစ်ပါတီ ခလောက်ခနီစခန်းကို ၀င်ရောက်စီးနင်းပြီး ထိုင်းနိုင်ငံထဲ ပြေးဝင်ကာ ထိုင်းဘက်ကနေ တခါပြန်ပို့ခံထားရသူတွေရော၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသူတွေ ပါတယ်လို့ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကာလမှာလည်း နိုင်ငံတကာအလှူရှင်တွေရဲ့ ဆက်လက်ထောက်ပံ့မှုကို လိုလားနေဆဲပဲလို့ နိုင်အဲမွန်က ပြောပါတယ်။
အစိုးရအနေနဲ့ ရွှေပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များကို နေရင်းအရပ်ပြန်ပို့ရေး ဆောင်ရွက်ရာမှာလည်း ဒုက္ခသည်များရဲ့ ဆန္ဒသဘောထားကိုရယူဖို့ ၊ နေရင်းရပ်က မြေယာပြဿ နာအရင်ဖြေရှင်းဖို့၊ ပြန်ပို့မယ့်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုအခြေအနေ၊ လုံခြုံမှု ဘ၀အာခံချက်ကို ရှေးရှုပြီးမှသာ ရွှေ့ပြောင်းသင့်တဲ့အကြောင်းလည်း တိုက်တွန်းတယ်လို့ နိုင်အဲမွန်က ပြောသွားပါ တယ်။
မြန်မာပြည်အရှေ့တောင်ပိုင်းနယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းနေထိုင်သူဒုက္ခသည်များကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဘားမားလင့်ခ်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူ များအဖွဲ့နဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) စတဲ့အဖွဲ့ ၃ ဖွဲ့ဟာ စာမျက်နှာ ၇၃ မျက်နှာရှိ လူမသိသူမသိဘ၀များ / မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ ” အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ပူးပေါင်းရေးသားပြီး သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ဝေလိုက်ပါတယ် ။
အစီရင်ခံစာထုတ်ဝေခြင်း သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ရန်ကုန်မြို့ Best West Western Green Hill Hotel မှာ ကျင်းပခဲ့ပါတယ်။
အစီရင်ခံစာထုတ်ဝေခြင်း သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ရန်ကုန်မြို့ Best West Western Green Hill Hotel မှာ ကျင်းပခဲ့ပါတယ်။