ထိုင်းဘုရင်နေသည့် ဟွာဟင်တွင် ဗုံးပေါက်၊ ၁ ဦးသေ ၁၉ ဦး ဒဏ်ရာရ (ရုပ်သံ)

သြဂုတ် ၁၁ ရက်က ထိုင်းဘုရင်နေထိုင်နေတဲ့ ဟွာဟင်က ပရာချတ်ကိရိခန်မှာ ဗုံးပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၉  ဦး ဒဏ်ရာရသွားပါတယ်။ ဘုရင်ရဲ့ မိဖုရားမွေးနေ့ အထိမ်းအမှတ် ရက်ရှည် ရုံးပိတ်ရက်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်သလို မိနစ် ၂၀ အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ ဗုံး ၂ လုံးကို မီတာ ၅၀ အကွာမှာ မြှုပ်ထားတာဖြစ်ပြီး တလုံးနဲ့တလုံး မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့တာလို့ ဒီနေရာကို ရောက်နေတဲ့ သတင်းထောက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ဒဏ်ရာရသူ ၇ ဦးကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦးတို့ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အရက်ဆိုင်အရှေ့မှာ သဘောင်္သီးထောင်း ရောင်းနေတဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ ဒီ့ထက်ပိုများလာနိုင်သလို လူတွေ သေကျေပျက်စီးဖို့ ရည်ရွယ်ပြီး ထောင်သွားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ရှိနေတဲ့နေရာမှာ ဗုံးပေါက်ကွဲမှုဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ဟွာဟင်ဗုံးပေါက်ကွဲမှုကတော့ ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာ တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up