တိုက်ပွဲတွင် ဒဏ်ရာရသော ရှမ်းစစ်သား ထူးခြားသောလက္ခဏာများတွေ့
DVB
·
October 11, 2011
အစိုးရတပ် ပစ်ခတ်တဲ့ကျည်ဆန်ငွေ့ကို ရှူမိပြီး ဝေဒနာခံစားနေရတဲ့ ရှမ်းပြည်တပ်မတော်က စစ်သည်ငါးဦးဟာ ခြောက်လကြာလာတဲ့တိုင်အောင် ပုံမှန်မဟုတ်ဘဲ ဓာတုအဆိပ်သင့်နိုင်ဖွယ်ရှိတဲ့ ဝေဒနာခံစားနေရတုန်းပဲလို့ သူတို့ကိုကုနေတဲ့ ဆေးဆရာက ပြောပါတယ်။
လွန်ခဲ့တဲ့ခြောက်လတုန်းက တိုက်ပွဲမှာ အစိုးရတပ်ဘက်က ဓာတုလက်နက်သုံးနိုင်တယ်လို့ သံသယနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက ကိုးကားခဲ့တဲ့ ဝေဒနာသည် ရှမ်းစစ်သည် ၅ ဦးကို ရှမ်းရိုးရာနည်းနဲ့ ကုသနေတယ်လို့ ရှမ်းတိုင်းရင်းဆေးဆရာက ပြောပါတယ်။
ဒီ ၅ ဦးဟာ အဲဒီတိုက်ပွဲမှာရတဲ့ဝေဒနာကြောင့် မကြာခဏမူးဝေ အော့အန်တတ်ပြီး အားနည်းတာတွေ၊ ခန္ဓာကိုယ် အသွေးအသားထဲက ယားယံတဲ့ဝေဒနာတွေ ခံစားရတယ်လို့ ရှမ်းတိုင်းရင်းဆေးဆရာက ပြောပါတယ်။
“လူနာတွေကို ရှမ်းတပ်မတော်ဆေးမှူးက ယားနာပျောက်ဆေး၊ အမူးပြေဆေးတွေနဲ့ ရက်ရှည်ကုသပေးခဲ့ပေမယ့် မပျောက်ကင်းဘဲ ခရီးဝေးမသွားနိုင်ဘဲ မောပန်းပြီး ခေတ်မီဆေးရုံမှာ လူနာတွေ တက်ရောက်ကုသပေမယ့် မသက်သာဘဲ ရောက်လာတယ်။ ဆေးမြစ်စုံပေါင်းရည်ကို မှိုင်းရှူတာ ပေါင်းခံတာတွေ လုပ်ပေးပြီး ကုသပေးနေတယ်။”
ဒီဆေးနည်းဟာ သာမန်လူနာတွေအတွက် ၂ကြိမ် ၃ကြိမ် ပေါင်းခံလိုက်တာနဲ့ ယားယံတာ ကိုက်ခဲတာတွေ ပျောက်ကင်းသွားလေ့ရှိပေမယ့် ဒီလူနာငါးဦးကတော့ ကုသသည့် ၄ - ၅ လအတွင်း အကြိမ်၂ဝခန့် ပေါင်းခံကုသပေမယ့် သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ အမြစ်မပြတ်နိုင်ဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
စစ်သည် ၅ ဦးဟာ လွန်ခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က အစိုးရတပ် ခမရ ၅၁၃ က တန့်ယန်းမြို့နယ် မိုင်းကောဝ်ဒေသထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၇ မိုင် စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ တိုက်ပွဲတုန်းက ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်ကပစ်တဲ့ ဗုံးပေါက်ကွဲရာနေရာအနီးရောက်နေတဲ့ သူတို့ ၅ ဦးဟာ မီးခိုးငွေ့တွေ ရှူမိပြီး မူးလာကာ အသက်ရှူကြပ်တဲ့ဝေဒနာခံစားခဲ့ရပြီး တောက်လျှောက် ဆေးကုသနေရတာပါ။
အခုလို စစ်သည်တွေ ဝေဒနာခံစားနေရတာနဲ့ ပတ်သက်ပြီး အစိုးရတပ်တွေဟာ ဓာတုလက်နက်အသုံးပြုပြီး တိုက်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က သံသယရှိကြောင်း မီဒီယာတွေကနေ စွပ်စွဲပြောဆိုခဲ့တဲ့အပေါ် အစိုးရဘက်ကလည်း တစုံတရာ တုံ့ပြန်ခြင်းမရှိပါဘူး။