Home
ဆောင်းပါး
စိန်ခေါ်နေတဲ့ သဘာဝဘေး
ရွှေအောင်
·
August 11, 2016
ရေကြီးရာသီ ရောက်လေတိုင်း မြန်မာပြည်မှာ ရေကြီးရာသီရောက်တိုင်း ရေကြီးလေ့ရှိတာ အခုနောက်ပိုင်း သတိမထားဘဲ မနေနိုင်အောင် ဖြစ်ဖြစ်လာတယ်။သုံးနေကျ ဖေ့စ်ဘွတ်က လွန်ခဲ့တဲ့ ၃ နှစ်က ရှယ်ထားတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံ ပြန်လာဖော်ပြတာ ကြည့်လိုက်တော့ မြန် မာပြည်ရေကြီးရေလျှံ သတင်းဖြစ်နေတယ်။ အခုလည်း ကြီးလိုက်တဲ့ရေ၊ မန္တလေးတိုင်း၊ အမရပူရနားက နာမည်ကျော် တောင်သမန်တံတားတောင် ရေအောက်ရောက်သွားတယ်။ ကြံကြံဖန်ဖန် အကောင်းမြင်တတ်သူ တွေက သုံးရာသီလှတဲ့ တောင်သမန် အခုတော့ လေးရာသီလှပြန်ပေါ့လို့ တံတားရေမြုပ်နေတဲ့ ဓာတ်ပုံနဲ့ အွန်လိုင်းပေါ်တင်ကြတယ်။ ရတနာပုံတက္ကသိုလ်ကိုလည်း ရတနာပုံရေကြောင်းတက္ကသိုလ်ဆိုပြီး ကြံဖန်ရေးတင်ကြတယ်။ အစိုးရသတင်းတွေအရ ပြည်နယ်တိုင်း ၈ ခုလောက် မှာ ရေကြီးရေလျံနေပြီး လူ ၄ သိန်းကျော် ရေဘေးသင့်နေတယ်လို့ သြဂုတ် ၁၀ ရက် ထုတ်ပြန်ချက်အရ သိရတယ်။ ကျင်းပနေဆဲ လွှတ်တော်တွေထဲမှာလည်း ရေကြီးရေလျှံတာတွေ ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုတဲ့အဆိုတွေ တင် ဆွေးနွေးနေကြတာ တွေ့ရတယ်။ နောက်ကျနေပြီဆိုပေမယ့် နှစ်တိုင်းဖြစ်နေတဲ့ ရေကြီးရေလျံမှု တွေကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလည်းဆိုတာ လူထုက သိချင်နေကြတယ်လို့ လွှတ်တော်ထဲဆွေးနွေးသံကြားရတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးကတော့ ထူးထူးခြားခြား ဒီလို ရေကြီးရေလျံတာတွေ ဘယ်လိုဖြေရှင်းမလဲ၊ နွေအခါ ရေပြတ်တာ ဘယ်လိုလုပ်မလဲလို့ အဆိုတင်တာ လက်တွေ့မကျဘူး။ အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်သလိုဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုဆွေးနွေးသွား တာလည်း ကြားလိုက်ရပါတယ်။အချက်အလက်နဲ့ ဆွေးနွေးတဲ့ တပ်ကိုယ်စားလှယ်တဦးက ၂၀၁၅ ခုနှစ်ရေကြီးတုန်းက လူ ၁ သန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ တိတိကျကျ ပြောသွားတာ လည်း တဆက်ထဲ ကြားရပါတယ်။ ရေကြီးနိုင်ငံရေး တကယ်ရေကြီးနေတဲ့ဒေသတွေက လွှတ်တော်အမတ်တွေ ဒေသခံတွေနဲ့ ဖုန်းထဲက စကားစမြည် ပြောဆိုကြည့်တော့ ရေကြီးတဲ့ဒေသက ဒေသခံတွေကို အစိုးရရော လွှတ်တော်ကိုယ်စားလှယ်တွေ အပြင် အရပ်ဘက်အဖွဲ့အစည်းတွေ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ၀ိုင်းကူကြတယ် လို့ သိရတယ်။ မင်းဘူးဘက်မှာ ရွာလုံးကျွတ် ရေအောက်ရောက်သွားတဲ့ ရွာတွေရှိပြီး သူတို့ ပြောင်းဖို့ ရွှေ့ဖို့နဲ့ စားဖို့သောက်ဖို့ အစိုးရလူကယ်ပြန်ဌာန၊ ဒေသခံအမတ်၊ စစ်သားနဲ့ ရဲသားတို့ ၀ိုင်းကူတယ်။ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုက အားရစရာကောင်းပြီး သူတို့ကူညီထောက်ပံ့မှုတွေက ထိရောက်တယ်လို့ ပြောကြပါတယ်။အွန်လိုင်းပေါ်တက်လာတဲ့ ဓာတ်ပုံတွေအရလည်း စစ်သား၊ ရဲသားနဲ့ အရပ်ဘက်အဖွဲ့အစည်းကလူတွေ ၀ိုင်းကူဝိုင်း ကယ်နေ ကြတာ တွေ့မြင်ရတယ်။ များသောအားဖြင့်တော့ ဒီလိုပဲ ကိုယ်ကာယအားကိုးနဲ့ ထမ်းပိုး သယ်ဆောင်ပေးနေကြတာပဲ တွေ့မြင်နေရပြီး နိုင်ငံဆင်းရဲမှုကြောင့် လှေတွေ ကားကြီးတွေနဲ့ ၀ိုင်းကူဝိုင်ကယ်တာ မတွေ့ရဘူး။ထိုင်းမှာ ရေကြီးရင် အဦးဆုံး ခတ်မြင့်မြင့် ဧရာမစစ်ကားကြီးတွေ လမ်းပေါ်ထွက်လာပြီး ကူညီကယ်တင်တယ်။ ရေထဲသွားလို့ရတဲ့ စက်တပ်လှေတွေ အမြောက်အမြားနဲ့ အသက်ကယ်အင်္ကျီတွေဝတ်ထားတဲ့ ကယ်ဆယ်ရေးသမားတွေလည်း ရေကြီးတဲ့နေရာရောက်ချလာပြီး ရိကာစိုရိက္ခာခြောက်တွေ ဝေတယ်။ ရေကြီးနစ်မြုပ်တဲ့သူတွေကို ကယ်ထုတ်တယ်။ ၀န်ကြီးချုပ်လုပ်တဲ့သူနဲ့ အစိုးရအဖွဲ့ဝင်တွေလည်း သက်ကယ်အင်္ကျီတွေဝတ်၊ ဒေါက်ရှည်ဘိနပ်ကြီးတွေစီး၊ ကယ်ဆယ်ရေး လှေတစင်းနဲ့ ရေကြီးတဲ့အရပ်ကို ဒိုင်းကနဲ ရောက်ချလာပြီး အစားအေ သာက်တွေဝေတယ်။ ပြောရရင် ရေကြီးတဲ့အခါ အချိန်နဲ့တပြေးညီ ရောက်ရောက်လာပြီး ရေထဲလမ်းဆင်းလျှောက် ကူညီနေတဲ့ ထိုင်းဝန်ကြီးချုပ်ပုံကို တီဗီမှာမြင်ရတာကြည့်ကြည့်ပြီး ကိုယ့်ဆီက လူကြီးတွေ ရေကြီးနိုင်ငံရေး မလုပ်တတ်သေး ဘူးလို့ မြင်မြင်နေ မိပါတယ်။ ၀န်ကြီးချုပ်နဲ့အစိုးရအဖွဲ့တင် မဟုတ်ဘဲ နာမည်ကြီးတီဗီနဲ့ အနုပညာရှင်တွေလည်း ရေကြီးပြီဆိုတာနဲ့ ရေကြီးတဲ့နေရာကို သူတို့ ရောက်ချပြီ။ ထိုင်းမှာ အဲ့ဒီလို ရေကြီးလို့ အနုပညာရှင်တွေ ကူညီကြ အစားအသောက်နဲ့ ဆေးဝါးတွေ ဝေငှကြပြီဆိုရင် အဲ့ဒီသတင်းဓာတ်ပုံတွေကြည့်ပြီး ထိုင်းတွေက တအားသဘောကျပြီး အဲ့ဒီလို ကူညီတဲ့ အနုပညာရှင်တွေကိုလည်း အရင်ထက် နှစ်ဆတိုး အားပေးကြတယ်။ ဒီတော့ အနုပညာရှင် လုပ်တဲ့သူတွေက အရပ်ဘက်အဖွဲပအစည်းတွေ တီဗီသတင်းဌာနတွေနဲ့ ကြိုချိတ်ထားကြပြီး တခုခု ဖြစ်လို့ အကူအညီပေးမယ်ဆို သူတို့လည်း လိုက်ပါရစေလို့ ဘွတ်ကင်လုပ်ထားရတယ်။ တခုခုဖြစ်ပြီဆိုရင် သူတို့ကိုယ်တိုင်လည်း အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ တီဗီဌာနတွေဆီအရောက်သွားပြီး တက်တက်ကြွကြွ ရှေ့တန်းက ကူကြတယ်။ ဒုက္ခရောက် နေသူတွေကို ကူညီရာလည်းရောက် ပရိသတ်အချစ်လည်းတိုးတာမို့ သူတို့ဆီက အနုပညာရှင်တွေ က ရေကြီးတာမျိုးလို အရေးကြုံရင် သိပ်တက်ကြွကြတယ်။ ရေကင်းစောင့်ပြီး ခံနေကြ မြန်မာပြည်မှာ နှစ်တိုင်း ဒီအချိန်ရောက်လာရင် ဒီလိုပဲ ရေကြီးတဲ့ဒဏ်ကို ဒေသခံတွေ လည်စင်းခံနေကြတုန်းပဲ၊ မပြောင်းလဲနိုင်သေးဘူးလား။ သြဂုတ်လဆန်းပိုင်းလုပ်သွားတဲ့ ပြည်သူ့ လွှတ်တော်ထဲ ဧရာဝတီတိုင်းထဲက ရေကာတာတွေကိစ္စ ပြောကြဆိုကြတာ ကြားလိုက်ရတာ ဒေသခံတွေ လည်စင်းခံမနေကြရဘဲ ရေကင်းစောင့်ပြီး ခံနေကြရတယ်လို့ သိလိုက်ရတယ်။ အဆိုတင်တဲ့သူက ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထား သော ရေကာတာများအား ယခုရောက်ရှိမည့် မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမယ့် ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆို လွှတ်တော်တင်တယ်။ ကိုယ်စားလှယ် ၁၃ ဦးထိ ၀င်ရောက်ဆွေးနွေး ကြတယ်။ အားလုံးလိုလိုက ထောက်ခံဆွေးနွေးကြတာဖြစ်ပြီး ဒီ ရေကာတာနဲ့ ဆည်တမံတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၁၅၀ လောက်သက်တမ်းရှိနေပြီမို့ အန္တရာယ်ရှိ နေကြောင်းကို အဓိကထောက်ပြ ဆွေးနွေးသွားကြတယ်။ ကိုယ်စားလှယ် ၁၃ ဦးစလုံး ဆွေးနွေးလို့ပြီးတော့ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနဒုဝန်ကြီးက ရှင်းလင်းဆွေးနွေးတယ်။ သူက ဧရာဝတီတိုင်းထဲရှိတဲ့ ရေကာတာ ၁၅ ခုစလုံး ပြင်ဖို့ တရုတ်ဆီက အကူအညီတောင်းထားပေမယ့် ခုထိ အဆင်မပြေ သေးဘူး။ သူတို့ တဌာနထဲလည်း မလုပ်နိုင်ဘူး။ ၀န်ကြီးဌာနအတော်များများ စုပေါင်းပြီး ၀ိုင်းလုပ်မှ ရမယ်။ အခုအခြေအနေကတော့ ကင်ဆာအနာကို ဆေးမြီးတိုနည်းဖြစ်တဲ့ ရေကင်းစောင့်တဲ့ နည်းနဲ့ပဲ ကာကွယ်လို့ရဦးမယ်လို့ ပြောသွားတယ်။ အဆိုတင်တဲ့ ကိုယ်စားလှယ်လည်း ဘာမှ စောဒကမတက်နိုင်တော့ဘဲ ဒါဆိုလည်း လွှတ်တော်က စောင့်ကြည့်ဆိုတဲ့မှတ်တမ်းပဲ ထားလိုက်ပါတော့လို့ အားမတန်မာန်လျှော့ ဆွေးနွေးသွားရရှာတော့ တယ်။ အရင်ခေတ်က ဆည်တွေ တလတဆည်ဆောက်သွားပေမယ့် ပြင်စရာရှိတဲ့ ဆည်နဲ့ ရေကတာတွေ ပြင်မသွားလို့ အခုတော့ ဒေသခံတွေဟာ မိုးရွာရေကြီးရင် ရေကင်းစောင့်ရင်း စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းနေရမယ့်ကိန်း ဆိုက်ခဲ့တာပါပဲ။ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေ အားနည်းနေတာလည်း တကြောင်းပါမယ်။ စိန်ခေါ်နေတဲ့ သဘာဝဘေး မြန်မာပြည်ရေကြီးနေတုန်း တက်လာတဲ့ ဆိုကရေးတီးလုပ်ဖို့ အစည်းအဝေးဆိုတဲ့ သတင်းကြားကြမြင်ကြတော့ ဦးစီးပြီးလုပ်တဲ့ ဒုသမ္မတကို ဝေဖန်ကြသံကြားရတယ်။ သြဂုတ်လ ၅ ရက်မှာတော့ နေပြည်တော်မှာ အဲ့ဒီဒုသမ္မတပဲ ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ကော်မတီစည်းဝေးလုပ်ပြီး သူက ရပ်ရွာလူထု အခြေပြု သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောတယ်။ ဘေးအန္တရာယ်အတွက် ဖြေရှင်းဆောင်ရွက်ရန် မပြီးသေးခင်မှာပင် နောက်ထပ် သဘာဝဘေးတခု ဆက်တိုက်ဖြစ် ပေါ်နေတဲ့ အခြေအနေများကို ကြုံတွေ့ နေရတယ်လို့လည်း ပြောသွားပါတယ်။ ၂၀၁၆ ခုနှစ်ရေဘေးဟာ မနှစ်ကလောက်မဆိုးသလို ခုချိန်ထိလည်း မနှစ်ကလောက် လူအသေအပျောက် မများသေးတာ သတိထားမိတယ်။ တောပြုန်းတောင်ကတုံးတွေနဲ့ ဥတုရာသီ ပြောင်းနေပြီမို့  သဘာဝဘေးဒဏ်က အရင်ထက် ဆိုးဆိုးဝါးဝါး ခံစားကြရမှာ သေချာတယ်။ အစိုးရက အစီအမံကောင်းတွေချမှတ်ပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်လုပ်ဆောင်ဖို့ လိုသလို အောက်ခြေကလည်း ခေါင်းရမ်းရင် အမြီးပါ အချိန်မီ လိုက်ရမ်းကြဖို့ လိုပါမယ်။ အခုတလော နာဂဒေသမှာဖြစ်သွားတဲ့ ၀က်သက်ရောဂါကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးရမှုမှာကြည့်ရင် ဒေသခံကျန်းမာရေးဝန်ထမ်းတွေဟာ သက်ဆိုင်ရာကို အချိန်မီ သတင်းမပို့ ခဲ့ကြလို့ ဇွန်လကတည်းကဖြစ်တာကို သက်ဆိုင်ရာ ဇူလိုင်လကုန်မှ သိရတယ်။ အသိနောက်ကျ တော့ လူ ၄၀ ကျော် မသေသင့်ဘဲ သေခဲ့ကြရတယ်။ လက်သန်းလေးတွေနဲ့ လူထုတင်ထားတဲ့ အစိုးရလက်ထက်မှာ တာဝန်ယူထားတဲ့သူတွေ ဘာဝဘေးပဲကျကျ မြန်မြန်ဆန်ဆန်တက်တက်ကြွကြွ လုပ်ဆောင်ကြဖို့ ပြောချင်တယ်။ သဘာဝဘေးတွေက အစိုးရကို စိန်ခေါ်တတ်သလို အရောင်လည်း တင်ပေးတတ်ပါတယ်။ လက်သန်းလေးတွေ သန်းနဲ့ချီ ထပ်ရနိုင်တာလည်း သတိပြုကြပါ။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024