ထိုင်းသစ်စက်ရုံတွင် မြန်မာရွှေ့ပြောင်းလုပ်သားတဦး ဓားဖြင့်ထိုးသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှ ၀မ်မိုင်သစ်အချောထည်စက်ရုံတရုံမှာ သြဂုတ် ၁၀ ရက်နေ့ညပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရ တယ်လို့ ဖူးခက်နယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၃၇ နှစ်အရွယ် အနိုင်အမည်ရ အဆိုပါအလုပ်သမားဟာ အဲဒီစက်ရုံမှာ ပထမဆုံး အလုပ်စတင်တဲ့နေ့ဖြစ်ပြီး ဘိုင်ပါ့စ်တင်းဘားကုမ္ပဏီကနေ ထွက်ထားခဲ့တာလို့ ဆိုပါတယ်။
သတင်းပေးမှုအရ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်ရှိခဲ့ချိန်မှာတော့ သူ့ကို ပျဉ်ပုံတွေကြားမှာ မျက်နှာအပ်လျက်သား သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဖူးခက် မြို့တော် ရဲချုပ် ဗိုလ်မှူးကြီး ကာမောလ် အိုဆီရိက ပြောပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ် နောက်ကျောဘက်နဲ့ ဘယ်ဘက်လက်မောင်းမှာ ထိုးသွင်းဒဏ်ရာ တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။
မျက်မြင်သက်သေတွေရဲ့အဆိုအရ အနိုင်ဟာ ကုန်တင်ကားပေါ်ကို သစ်တွေ တင်ဆောင်နေချိန်မှာ ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက ရောက်လာခဲ့တာလို့ ပြောပါ တယ်။
သူတို့ သုံးယောက်ဟာ စက်ရုံထဲမှာ စကားပြောဆိုခဲ့ကြပြီးနောက်မှာ တယောက်နဲ့ တယောက် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ စတင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ အဆိုပါလူ ၂ ယောက်ထဲမှ တယောက်က အနိုင်ရဲ့နောက်ကို ဓားကြီးတချောင်းနဲ့ လိုက်ပြီး နောက်ကျောကို ထိုးခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့အဆိုကို ကိုးကားပြီး ရဲချုပ် ဗိုလ်မှူးကြီး ကာမောလ်က ပြောပါတယ်။
အဲဒီနောက်မှာတော့ သူတို့ဟာ စက်ရုံအပြင်ကို ထွက်ပြေးသွားခဲ့ကြပြီး ဓားကိုတော့ စက်ရုံရှေ့က အမှိုက်ပုံးထဲမှာ ပစ်ထားခဲ့ကြတာလို့ သူက ပြောပါတယ်။
ရဲတွေကတော့ ပြစ်မှုကျူးလွန်တဲ့ သံသယရှိသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်နိုင်တယ်လို့ ယူဆနေတာပါ။
“သူတို့ဟာ အနိုင်နဲ့လည်းသိတယ်၊ အရင်ကလည်း ပတ်သက်တဲ့ အကြောင်းတခု ခုရှိပုံရတယ်။ ဒါကြောင့်မို့ ဒီကိုလာပြီး ခုလိုတိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်”လို့ ရဲချုပ် ဗိုလ်မှူးကြီး ကာမောလ်က ပြောပါတယ်။
“အလုပ်သမားတွေဟာ ဒီဖြစ်စဉ်နဲ့ ထွက်ပြေးသွားတဲ့ တရားခံ ၂ ဦးကို မမှတ်မိဘူးလို့ ပြောပါတယ်။ ကျနော်တို့ မျက်မြင်သက်သေတွေကို ခိုင်လုံတဲ့ သတင်းအချက်အ ချက်အလက်တွေရဖို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ မကြာခင်မှာ တရားခံတွေကို ဖမ်းမိနိုင်မှာပါ။”