Home
မြန်မာသတင်း
ကုန်းလမ်းပို့ဆောင်ရေး ဥပဒေကြမ်းအပေါ် လုပ်ငန်းရှင်များ ဝေဖန်
အာကာ
·
August 11, 2016
တပ်မတော်အစိုးရလက်ထက်မှာ ရုပ်သိမ်းခဲ့ပြီး အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ပြန်လည်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်းအပေါ် ကုန်းလမ်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ဝေဖန်နေကြပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ၁၉၆၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို Public-Private-Partnership ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကို  ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာပါ။ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး သြဂုတ် ၄ ရက်နေ့က အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ ဖိတ်ကြားချက်နဲ့ ကုန်းလမ်းပို့ဆောင်ရေး အသင်းအဖွဲ့တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ဒီဥပဒေ မလိုအပ်သေးဘူးလို့ လုပ်ငန်းရှင်တွေက ယူဆပါတယ်။ “အခု ပြည်တွင်းမှာကတော့ လက်ရှိပြေးဆွဲနေတဲ့ လုပ်ငန်းရှင်လေးတွေရဲ့ လုပ်ငန်းကို ထိခိုက်မှာ၊ ပျက်စီးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအဖွဲ့ ဒီဥပဒေကြမ်းကို မရှိသင့်သေးဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်” လို့ ရိုးမ ယာဉ်လိုင်းမှ ဦးမောင်မောင်ဌေးက ပြောပါတယ်။ ဒီဥပဒေကြမ်းမှာ ယေဘုယျဖော်ပြချက်တွေအရ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ဟာ ကုန်းလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်း အပါအဝင် တခြားလုပ်ငန်း အများအပြားကို နိုင်ငံပိုင်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့  လုပ်ကိုင်သွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ့အတွက် လက်ရှိလုပ်ကိုင်နေတဲ့ ပုဂ္ဂလိက ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ပြိုလဲသွားနိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ “နံပါတ် (၁) အချက်ကတော့ ဒါက နိုင်ငံတော်က ဈေးဝင်ရောင်းမယ့် အစီအစဉ်ပဲလို့ မြင်ပါတယ်။ အဲတော့ နိုင်ငံတော်အနေနဲ့က ကျနော်တို့ဆီကနေပြီးတော့ အခွန်အကောက်တွေ ကောက်မယ်။ အဲဒီအခွန်အကောက်ကို သူ့ဥပဒေထဲမှာ နိုင်ငံတော်ဘတ်ဂျက်ကို သုံးစွဲ၍လို့ ပါတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီက ကောက်တဲ့အခွန်နဲ့ နိုင်ငံတော်ဘတ်ဂျက်ကို တောင်းမယ်။ တောင်းပြီးတော့ အဲဒီတောင်းထားတဲ့ငွေနဲ့ပဲ ကျနော်တို့ အခွန်ထမ်း လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ဥပဒေတခုလို့ပဲ မြင်ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေတဲ့ ကဏ္ဍမှာ နိုင်ငံတော်က ၀င်လာတာမျိုးကိုတော့ ဒါ လှေငယ်ပေါ် လှေကြီးဆင့်သလို ဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့  စိုးရိမ်မိပါတယ်” လို့ Elite Express Public Company Limited မှ တွဲဖက်အတွင်းရေးမှူး ဦးလှိုင်ဇော်ထွန်းက ပြောပါတယ်။ လုမ္ဗိနီ ယာဉ်လိုင်းမှ ဦးရန်နိုင်စိုးကလည်း “လက်ရှိ မြန်မာနိုင်ငံရဲ့ Transportation လုပ်ငန်းတွေကတော့ Proper Business မဟုတ်သေးဘူးပေါ့နော်။ အကုန်လုံး ကိုယ့်ဟာကိုယ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ Creation လုပ်ပြီးတော့ လုပ်နေကြတယ်။ ဒါကို တခြား ပြင်ဆင်စရာ ညှိနှိုင်းစရာအပိုင်းတွေ အများကြီး ရှိနေသေးတဲ့အချိန်မှာ ဒီလိုမျိုး အစိုးရပိုင်းကနေပြီးတော့ အင်နဲ့အားနဲ့ လုပ်လာမယ်ဆိုတဲ့ အပိုင်းတွေက ကျနော်တို့အတွက်တော့ ခုနပြောသလို ယာဉ်လုပ်ငန်းရှင်တွေအတွက်  အားလုံးစဉ်းစားပြီးတော့ တခုခု တုံ့ပြန်ရမယ့် အနေအထားတခုတော့ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကုန်းလမ်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းနဲ့  တခြား ခရီးသည်၊ ကုန်စည်နှင့် ကုန်သတ္တာလုပ်ငန်းရှင် အသင်းတွေ ပြန်လည်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။ ညှိနှိုင်းချက်တွေကို  သြဂုတ်လ နောက်ဆုံးပတ်မှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနဲ့ ပြန်လည်တွေ့ဆုံ တင်ပြသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024