Home
မေးမြန်းခန်း
ကျနော်တို့ တကယ်ရုန်းရင် သံကြိုးတွေတောင် ဖြတ်နိုင်တယ် - ကိုမင်းကိုနိုင်
DVB
·
August 11, 2016
၈၈ သံကြိုးတွေဖြတ်ခဲ့တဲ့ ပွဲကြီးဖြစ်ပြီး အဲဒီစိတ်ဓာတ်ဟာ နှောင်ကြိုးမှန်သမျှကို ဖြတ်နိုင်ကြောင်း၊ ဒီစိတ်နဲ့ပဲ အားလုံးဆက်ပြီးတော့ ဒီလမ်းမှာ ချီကြရဦးမယ်လို့ ယုံကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ ရှစ်လေးလုံး ၂၈ နှစ်ပြည့် အထိမ်းအမှတ် တိုင်းပြည်အခြေအနေ၊ တိုင်းပြည်မှာ နောက်ထပ် ဘာတွေလုပ်ဖို့ ကျန်နေသေးသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အခုဆိုရင် ကျနော်တို့ ၈၈ ပေါ့နော်။ ၂၈ နှစ်တိုင်ခဲ့ပါပြီ။ ပထမဆုံး ပြည်သူရွေးကောက်တဲ့ အရပ်သားအစိုးရလည်း ပေါ်ပေါက်လာပါပြီ။ စပ်မယ်ဆိုရင်တော့ ၈၈ လှုပ်ရှားမှုနဲ့လည်း ဆိုင်တယ်ပေါ့နော်။ အဲတော့ ၂၈ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ ဘာတွေရခဲ့ပြီလဲ။ ကျနော်တို့ နောက်ထပ် ဘာတွေလုပ်ဖို့ ကျန်သေးလဲ။ အဲဒီကနေစပြီးတော့ ကိုမင်းကိုနိုင် သုံးသပ်ပေးပါဦးခင်ဗျ။ ဖြေ - အဲဒါကတော့ တဦးချင်းစီ ခံယူတဲ့အပေါ်လည်း မူတည်တာပေါ့။ ဒီတိုင်းရေးပြည်ရေး ဆိုတာကတော့ လူတွေရှိနေသရွေ့ သွားနေကြမယ့် ကိစ္စတွေပဲ။ တခုပဲရှိတယ်။ ကျနော်တို့ ၈၈ တုန်းက ကျနော်တို့ မျှော်မှန်းခဲ့တာ ဒီမိုကရေစီဆိုတာဟာ အပြည့်အ၀ လိုချင်ကြတာပေါ့။ အခုရောက်နေတာ တကယ်တော့ အကန့်အသတ်တခု ကျန်ပါတယ်။ ဒါကလည်း အားလုံးသိပြီးသားဆိုတော့ ကျနော်တို့ ပြောရရင်တော့ ပြည်သူအားလုံး ရွေးချယ်တင်မြှောက်ထားတဲ့သူတွေက လွှတ်တော်ထဲမှာ တင်းပြည့်ကျပ်ပြည့်လား၊ အစိုးရထဲမှာ တင်းပြည့်ကျပ်ပြည့်လား၊ အဲဒီလောက်တော့ ကျနော်တို့ တိုင်းကြရမှာပေါ့။ အခုက အားလုံးသိတဲ့အတိုင်း အကန့်အသတ်က ကျန်နေသေးတယ်ပေါ့။ ဒါကြောင့်မို့ ကျနော်တို့  ပန်းတိုင်တော့ မရောက်သေးဘူးဆိုတာ အားလုံးက သဘောတူပြီးသားပါ။ ဒါပေမယ့် တစုံတခုသော အတိုင်းအတာ၊ အဲဒါကကျတော့ အခု ကျနော်တို့ အစ်ကိုတို့ စကားပြောနေနိုင်တာကိုက အင်မတန်လွတ်လပ်လာတဲ့၊ ပွင့်လင်းလာတဲ့ အခြေအနေပေါ့။ အရင်တုန်းက ကျနော်တို့ ဒီလိုတွေ့ဖို့ဆိုတာ ခိုးကြောင်ခိုးဝှက် အင်မတန်နိုင်တယ်။ ဒီလို ပြောင်ကျကျချိန်းလို့လည်း မရဘူး။ ပြီးရင် ကျနော်တို့ တွေ့ဆုံဆွေးနွေးသွားတဲ့ အသံလွှင့်ချက်တွေ၊ စတစ်ကလေး၊ မန်မိုရီကတ်ကလေးကိုတောင်မှ ဘယ်လိုဆက်သယ်ရမလဲဆိုတာ ပြဿနာက အများကြီးရှိခဲ့တာကိုး။ ဆိုတော့ အရင်ကထက်စာရင်တော့ ဆက်သွယ်မှုကဏ္ဍမှာလည်း လွတ်လပ်ပွင့်လင်းလာတယ်၊ လူတွေမှာလည်း ပြောခွင့်ဆိုခွင့်တွေ ရှိလာကြပြီပေါ့။ အသင်းအဖွဲ့တွေလည်း ဖွဲ့စည်းလာနိုင်ကြပြီ။ လှုပ်ရှားမှုတွေလည်း လုပ်လာနိုင်ပြီ။ ဒါပေမယ့် ကျန်နေသေးတာက ခုနလို လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ ကျန်နေသေးတဲ့အပိုင်းတွေ ရှိသေးတယ်။ မေး - ခုနပြောသလိုပေါ့နော် အကန့်အသတ်ပေါ့။ အထူးသဖြင့်တော့ ကျနော်တို့ ၈၈ က တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ အခုလောလောဆယ် ကျနော်တို့ ဖွဲ့စည်းပုံအရတော့ ဗီတိုသည် စစ်အာဏာရှင်လက်ထဲပဲ ရှိသေးတယ်။ ဒီအကန့်အသတ် ရှိသေးတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့မျိုးဆက်တွေရော၊ နောက်မျိုးဆက်တွေရော အဓိကထားပြီး ဘာလုပ်သင့်လဲ၊ အကန့်အသတ်ရှိတဲ့ ဒီမိုကရေစီကနေ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်တခုဖြစ်အောင် ဘယ်လိုမျိုးများ ဆက်ပြီးတော့ လုပ်သင့်လဲ။ အဲဒါလေးလည်း လူငယ်တွေရော ကျနော်တို့ ရွယ်တူမျိုးဆက်တွေအတွက်ရော ပြောပေးပါဦး။ ဖြေ - ဒါကိုလုပ်ချင်တယ်ဆိုရင် နှစ်မျိုးပဲရှိတာပဲ။ အာဏာသုံးရပ်ထဲ ၀င်လုပ်မလား၊ အာဏာသုံးရပ်ရဲ့ အပြင်ကနေ လုပ်မလားပေါ့။ ဒါပါပဲ။ အာဏာသုံးရပ်ရဲ့ အပြင်မှာဆိုရင်တော့ သာမန်နိုင်ငံသားတယောက်သဏ္ဌာန် ဖြစ်တယ်။ သူ့မှာလည်း တာဝန်ခံမှု၊ တာဝန်ယူမှု အထိုက်အသင့်တော့ ရှိတာပဲ။ လွတ်လပ်တဲ့အသင်းအဖွဲ့တခု အနေနဲ့ လုပ်မယ်။ ဒါမှမဟုတ် တဦးချင်းလုပ်မယ်။ မီဒီယာသမားတယောက်အနေနဲ့ လုပ်မယ် ရတယ်။ ဘယ်အသက်မွေးဝမ်းကြောင်းကိုပဲလုပ်လုပ် ကိုယ့်ရဲ့စိတ်က ဒါဟာဖြင့် ကျန်နေသေးတယ်။ အဲဒီရောက်ဖို့အတွက်တော့ ငါကတော့ ရတဲ့နည်းနဲ့ အားထုတ်မှာပဲ ဆိုရင်တော့ ရတယ်။ တချို့ကျတော့ ဒီလိုရှိတယ်ဗျ။ တိုင်းသစ်ပြည်သစ်အတွက် တည်ဆောက်တဲ့ ပညာရှင်အဖြစ် ပါဝင်ချင်ကြတယ်။ ဒါလည်း ကောင်းတယ်ဗျာ။ အဲဒီအခါကျတော့ သူတို့က အုပ်ချုပ်ရေးပညာတွေ သင်ကြတယ်။ နိုင်ငံတကာ ဆက်ဆံရေးကို လေ့လာကြတယ်။ အဲဒီအပိုင်းတွေလည်း ရှိတယ်။ တခုပဲပေါ့ဗျာ။ အနုပညာသမားတယောက်အနေနဲ့ သူရေးသမျှ ပြောသမျှတွေထဲမှာလည်း အလျဉ်းသင့်သလိုတော့ ပါနေရမယ်ပေါ့။ ဒီအပြောင်းအလဲဟာ မပြီးသေးဘူးဆိုတဲ့ဟာ ဖြစ်ရမယ်။ နောက်ပြီးတော့ နောက်မဆုတ်တမ်း၊ ပြန်မလှည့်စတမ်း ဒီအခြေအနေမျိုးတော့ ရှိရမယ်။ ဒီထက်ပိုအရေးကြီးတာက ကျနော်တို့မှာ ဖက်ဒရယ်ပြည်ထောင်စုတခု ဖြစ်အောင်လည်း ကျနော်တို့အားလုံးမှာက တကယ့်တာဝန်တခု ဖြစ်နေတယ်။ ဒီဟာက လက်တွေ့မှာ တိုင်းရင်းသားအကြောင်း မပါလို့မဖြစ်ဘူး၊ ဒီနေ့အခြေအနေအရ။ အဲတော့ ပြောတိုင်းမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို ကျနော်တို့က ဘ၀င်ကျမှ ဖြစ်လိမ့်မယ်ပေါ့။ မေး - ဟုတ်ကဲ့ ဒီချုပ်ကလည်း သူ့ရွေးကောက်ပွဲကြေညာချက် ၁၃ ခုထဲမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ပါပါတယ်။ အခုဆိုရင်လည်း ၂၁ ပင်လုံပေါ့နော်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကို သြဂုတ်လအကုန်မှာ လုပ်ဖို့ မျှော်မှန်းနေတယ်ပေါ့လေ။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ၈၈ က မျိုးဆက်တွေရော၊ အသစ်ပေါ်လာတဲ့ လူငယ်မျိုးဆက်တွေရော ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးမှာ ဘယ်လိုအခန်းကဏ္ဍက လုပ်နေလဲ၊ နောက်တခုကလည်း ဘယ်လိုမျိုးပါနေလဲ။ အထူးသဖြင့် တိုင်းရင်းသား လူငယ်တွေဘက်ကပေါ့နော်။ သူတို့တွေဘက်ကရော ဘယ်လိုမျိုး ပါသင့်လဲဆိုတာကို ဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျ။ ဖြေ - အခန်းကဏ္ဍဆိုတာတော့ ကျနော်ပြောဖူးပါတယ်။ အောင်မြင်တယ်မို့လား ကျေနပ်တယ်။ ကိုယ်ပါရမှတော့ မဟုတ်ဘူး။ ဒီဟာကြီးကတော့ ကျနော် ထပ်ခါထပ်ခါ ပြောပြီးနေပြီ။ ကျနော်တို့အတွက် နေရာမလိုဘူး။ အောင်မြင်ဖို့အတွက် ကူရမယ်ဆိုတဲ့ အနေအထားဆိုရင် ကျနော်တို့ ကူမယ်။ စိတ်ဓာတ်အရတော့ အားလုံးက၊ ပြည်ထောင်စုဆိုတာ ဒီလိုဗျာ၊ နားလည်ထားရမယ်။ ပြည်ထောင်စုဆိုတာကို သဘောတူပြီလို့ ထားလိုက်။ ဒါပေမယ့် ဘယ်လိုပြည်ထောင်စုလဲ ဆိုတာကို နည်းနည်းတော့ အဓိပ္ပာယ်ချင်း ညှိကြည့်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်အင်အားနဲ့ သိမ်းထားတဲ့ ပြည်ထောင်စုမျိုးလား။ စိတ်တူကိုယ်တူ အခွင့်အရေးတူနဲ့ ပေါင်းထားတဲ့ ပြည်ထောင်စုမျိုးလား။ ဒီလိုတော့ ရှိသေးတာကိုး။ တယောက်နဲ့တယောက် ဘယ်လောက်ချစ်ပါတယ်ပြောပြီး အနောက်က လက်ကို ဖမ်းလိမ်ထားတာ၊ ချုပ်ထားတာမျိုးဆိုရင် ဒါ တကယ့်ပကတိတရား မပေါ်နိုင်ဘူး။ အားလုံးက စိတ်တူကိုယ်တူ ပူးပေါင်းထားတာ။ အင်အားတစုံတရာနဲ့ အကြပ်ကိုင်ထားလို့ မဟုတ်ဘူး ဆိုတာမျိုးပဲ ဖြစ်ရမယ်။ အခွင့်အရေးလည်း ညီမျှတဲ့ အခွင့်အရေးတွေတော့ အခြေခံရမှာပေါ့။ မေး - ဟုတ်ကဲ့ခင်ဗျ။ ဖက်ဒရယ်ပြောရင်တော့ ခုနပြောတဲ့ ပုံစံတခုတော့ ပါလာရမှာပေါ့။ အထူးသဖြင့် ဗဟိုနဲ့ ပြည်နယ်တွေနဲ့ပေါ့နော်။ အရင်တုန်းကလည်း နာမည်သာ ဖက်ဒရယ်လို့ပြောပေမယ့် တပြည်ထောင်စနစ်ပဲ သွားခဲ့တယ်ပေါ့။ အခု အဲဒါနဲ့ပတ်သက်လို့ကော ကိုမင်းကိုနိုင်အနေနဲ့ ဘယ်လိုအပေးအယူလုပ်သင့်လဲ၊ တကယ့်တန်းတူရေးနဲ့ ပတ်သက်တာပေါ့နော်။ ဘယ်ဟာကို လျှော့ပေးသင့်လဲ။ ခုနပြောတဲ့ ပဋိညာဉ်တခုပေါ့။ ၂၁ ပင်လုံပဋိညာဉ်တခု ကိုပေါ်အနေနဲ့ ဘာများ ပြောလိုပါလဲ။ ဖြေ - ဒီလိုဗျာ အမှန်တကယ်ကတော့ ကျနော်က တိုင်းရင်းသားတယောက်ပါ။ ဒါပေမယ့် ကျနော်လုပ်ခဲ့တာက ဒီပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေစီအခွင့်အရေး ခံစားရဖို့ နေရာမှာတော့ ကျနော်နိုင်သလောက် ကျနော်လုပ်ခဲ့တယ်။ ကျန်တဲ့ ပြည်နယ်တခုအရေးအတွက် ပြည်ထောင်စုကြီးနဲ့ ဘယ်လိုနေမယ်ထိုင်မယ်ဆိုတဲ့ ကိစ္စတွေကိုတော့ အဲဒါက သက်ဆိုင်ရာ တောင်းဆို တိုက်ပွဲဝင်နေတဲ့သူတွေက သူတို့ဆီရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာပဲ အပေးအယူတွေ လုပ်ကြရမှာ။ ကျနော်က အောင်မြင်တယ်ဆိုရင် အင်မတန်ဝမ်းသာနေမယ့်သူ။ အဲဒီအောင်မြင်ဖို့အတွက် ၀ိုင်းပြီးတော့ ဘယ်အရာတခုကို ထမ်းပေး၊ ပိုးပေး၊ သယ်ပေးဆိုရင် ကျနော်က လုပ်ပေးမယ့်လူ။ အဲတော့ ကျနော့်မှာ သတ်မှတ်ထားတာ အသေးစိတ် ကျနော့်မှာ ရှိမှာလည်း မဟုတ်ဘူး။ ကျနော်က တောင်းဆိုမယ့်သူလည်း မဟုတ်ဘူး။ ပေးရမယ့်သူလည်း မဟုတ်ဘူးပေါ့။ အဲလိုတော့ ရှိတာပေါ့။ မေး - နောက်တခုက ၈၈ နဲ့ ပတ်သက်ပြီးတော့ အပြင်ရောက်သွားတဲ့သူတွေလည်း ရှိတယ်။ ထောင်ထဲရောက်သွားတဲ့သူတွေလည်း ရှိတယ်။ အခု ပြည်ပနိုင်ငံတွေမှာ ရောက်တဲ့သူတွေလည်း အများကြီးရှိသေးတယ်။ တချို့လည်း ပြန်လာလို့ရတယ်။ တချို့လည်း လာလို့မရသေးဘူးပေါ့။ ဒီ ၈၈ လူတွေပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ကိုပေါ်အနေနဲ့ ကျနော်တို့ ပြန်ဆုံစည်းဖို့ အချိန်တခုကျနေပြီလား။ တကယ်တမ်းကော ကျနော်တို့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာနိုင်ခွင့် ဂုဏ်သက္ခာရှိရှိပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ကော ကိုပေါ် ဘာများပြောလိုပါသလဲ။ ဖြေ - ဒီလိုဗျာ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေ၊ ကျနော်တို့ ရဲဘော်၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ သွားကတည်းကိုက ဘာအကြောင်းနဲ့ ထွက်ခွာသွားကြသလဲဆိုတာ ပြန်ကြည့်ရင် ရှင်းပါတယ်။ အဲတော့ သူတို့အနေနဲ့ ဒီအလုပ်ကို မပြီးပြတ်သေးဘူးလို့ ယူဆလို့ ပြည်တွင်းမှာ ပြန်လာပြီး လုပ်ချင်တယ်ဆိုရင်တော့ အတားအဆီးတွေ မရှိသင့်တော့ဘူးပေါ့။ အဲဒါကတော့ အရှင်းဆုံး အနေအထားပါပဲ။ နောက်ဆုံး ပြန်လာပြီး လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ သူတို့ကို မွေးပေးခဲ့တဲ့ အမေ့အိမ်ကိုတော့ သူတို့ ပြန်လာခွင့်ရှိတယ်။ သူတို့လွမ်းသလောက်ပဲဖြစ်ဖြစ်၊ သူတို့ အလုပ်အကျွေးပြုချင်လို့ပဲဖြစ်ဖြစ် ဘယ်ခံစားချက်နဲ့ပဲ ကြည့်ကြည့်ပေါ့ဗျာ ကျနော်တို့ဘက်က ပြန်ပြီးတော့ နွေးနွေးထွေးထွေး လက်ခံသင့်တယ်။ ကျန်တဲ့အပိုင်းကတော့ သူလုပ်နိုင်တဲ့ပေါ် မူတည်ပြီးတော့ပဲ ကြည့်ရမှာပဲ။ ကျနော်ကတော့ ၈၈ ကနေစပြီးတော့ ဒီအတွက် စွန့်စားပြီးတော့ ထွက်ခွာခဲ့တဲ့သူတွေ အားလုံးကိုပေါ့ ဒီဘက်ကနေပြီးတော့ နွေးထွေးတဲ့ကြိုဆိုမှုတခု သူတို့ဂုဏ်သိက္ခာနဲ့ ပြန်လာဖို့ကိုတော့ ကျနော် အပြည့်အ၀ အားပေးပါတယ်။ ကျနော်လည်း လိုလားပါတယ်။ မေး - ကိုမင်းကိုနိုင်ကို ၈၈ ကျောင်းသားခေါင်းဆောင်တယောက် အနေနဲ့ပေါ့နော်။ ၈၈ စိတ်ဓာတ်ရယ်၊ ၈၈ မျိုးဆက်ပေါ့နော်။ ကျနော်တို့ကတော့ အိုသွားကြပြီ။ ကိုမင်းကိုနိုင်တို့ အိုပြီပေါ့နော်၊ တကယ်တမ်း စိတ်ဓာတ်နဲ့မျိုးဆက်ကို ဒီလိုအချိန်မှာ ဘယ်လိုမျိုး ထိန်းသိမ်းသင့်လဲ၊ ဒီဟာကို ဘယ်လိုမျိုး ကိုယ့်ရဲ့ပန်းတိုင်ရောက်အောင် သယ်ဆောင်သင့်လဲ၊ အဲဒါလေးလည်း ဖြည့်စွက် ပြောပေးပါဦး။ ဖြေ - တခုတော့ ရှိတယ်ဗျ။ ဒါက ကျနော်တို့ခေတ်ကျမှ ထွင်လိုက်တဲ့ စိတ်ဓာတ်မျိုးတော့ မဟုတ်ဘူး။ ကျနော်တို့ မမွေးခင်ကတည်းက သမိုင်းအဆက်ဆက်မှာကတည်းကိုက ဘယ်ကျွန်မှ မခံဘူးဆိုတဲ့ စိတ်ဓာတ်ပဲ။ အဲတော့ တိုင်းတပါးကျွန်ဖြစ်တုန်းကလည်း တိုင်းတပါးကျွန် မခံဘူးပေါ့ဗျာ။ စစ်တပ်ရဲ့ကျွန်ဆိုရင်လည်း မခံဘူးပေါ့ဗျာ။ အဲတော့ သူ့ခေတ်နဲ့ တည့်တည့်ကြုံရတဲ့ အနိုင်ကျင့်မှုမျိုး၊ အခွင့်ထူးခံမှုမျိုး၊ ဖိနှိပ်ချုပ်ချယ်မှုမျိုး ဒါတွေကို ကျနော်တို့က တွန်းလှန်ကြတာပါပဲ။ အဲတော့ ရှေ့လျှောက်လည်း အာဏာရှင်ဆိုတာက ပုံသဏ္ဌာန်အမျိုးမျိုး၊ မျက်နှာဖုံးအမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြစ်ဦးမှာကိုး။ အဲတော့ အဓိကကတော့ လူလူချင်း အခွင့်ထူးမခံနဲ့။ ဖိနှိပ် မချုပ်ချယ်နဲ့။ အဲဒါကို ကျနော်တို့ မျိုးဆက်တိုင်းဟာ လက်ဆင့်ကမ်းပြီးတော့ ငြင်းဆန်သွားကြရလိမ့်မယ်။ လွတ်လပ်တဲ့ သခင်တွေဘ၀နဲ့ အသက်ရှင်နေထိုင်သွားကြရလိမ့်မယ်ပေါ့။ ဒီစိတ်ပါပဲ။ မေး - ဟုတ်ကဲ့ခင်ဗျာ စောစောတုန်းက ကိုပေါ်ပြောတဲ့အထဲမှာ အစိတ်အပိုင်းအရ နည်းနည်းလေး ကျန်နေသေးတဲ့ ဒီမိုကရေစီပြည့်ဝမှု မရှိသေးတာ၊ ကျနော်တို့ မျိုးဆက်ဟောင်းတွေရော၊ မျိုးဆက်သစ်တွေရော ဒီလိုအခြေအနေမှာ ကျနော်တို့ တချို့က ပြီးသွားကြပြီလားလို့ မေးကြတယ်။ ဇာတ်သိမ်းခန်းရောက်ပြီလား၊ ဇာတ်ပေါင်းကြပြီလား အဲဒါနဲ့ ပတ်သက်လို့ကော ကိုပေါ် ဘာပြောလိုလဲ။ ဘာများထပ်ပြီးတော့ လိုသေးလဲ။ တကယ့်ဇာတ်သိမ်းခန်းကောင်းလေးတခု ဖြစ်ဖို့ပေါ့။ ဖြေ - တလျှောက်လုံး ဖြတ်သန်းလာခဲ့တဲ့ သူတွေက ဒီအပေါ်မှာ ကိုယ်စီသုံးသပ်ကြတာပေါ့။ ကျနော်ခုနပြောသလို အားလုံးက ပန်းတိုင်ကို အပြည့်အ၀ မရောက်သေးဘူးဆိုတာတော့ နားလည်ထားကြတယ်။ တခုပဲရှိတယ်။ လူတိုင်းလူတိုင်းမှာ လုပ်နိုင်တဲ့အစွမ်းတွေက အကန့်အသတ် ရှိကြတာချည်းပဲ။ အဲဒါကြောင့် ဒီလောက်ဆိုရင်တော့ ငါတော်လောက်ပြီ။ ကျန်တဲ့သူတွေ ဆက်လုပ်ကြ။ နောက်မျိုးဆက်တွေ သယ်ကြ၊ ဆောင်ကြဆိုရင်လည်း ကျနော်တို့က နားလည်ရမှာပဲ။ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှု ရှိရလိမ့်မယ်။ တချို့ကလည်း အာဏာသုံးရပ်ထဲကို ငါတို့ကိုယ်တိုင်ဝင်မှဖြစ်မယ်လို့ ယူဆတဲ့သူတွေရှိတယ်။ ကျနော်တို့ ကြိုဆိုရမှာပဲ။ သူတို့ကို အားပေးရမှာပဲ။ တခုပဲရှိတယ်ဗျာ။ စိတ်စေတနာကတော့ ရှင်းလင်းနေရမယ်၊ မှန်နေရမယ်ပေါ့။ အဲတော့ ကြိုက်တဲ့ပုံစံနဲ့ ကြိုက်တဲ့နေရာ ကြိုက်တဲ့နယ်ပယ်ထဲကို ၀င်ပြီးတော့လုပ်။ ကျနော်တို့ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှုရှိဖို့တော့ လိုတယ်။ မေး - နောက်ဆုံးအနေနဲ့ ၈၈ အခါသမယမှာ ပြည်သူတွေရော ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ သူတွေကိုရော အဲဒါနဲ့ပတ်သက်လို့ ကိုပေါ်အနေနဲ့ ဘာများပြောလိုပါလဲ။ ဖြေ - ရိုးရိုးလေးပါ။ အစ်ကို ဒီနေရာမှာ အကြာကြီး ငြိမ်ငြိမ်လေးထိုင်နေရင် တချိန်မှာ အစ်ကို့ကို ပင့်ကူအိမ်တောင်မှ တွယ်သွားလိမ့်မယ်။ ဘာလို့လဲဆို မရုန်းဘူးဆိုရင်ပေါ့ ကျနော်ပြောတာ။ ကျနော်တို့ တကယ်ရုန်းရင် သံကြိုးတွေတောင် ကျနော်တို့ ဖြတ်နိုင်တယ်။ ဒါ ပြည်သူတွေအားလုံးက ပေးခဲ့တဲ့ အဘိဓမ္မာ ဒီဟာက၊ တစုံတယောက်ကနေပြီးတော့ လုပ်ကြံပြောယူတာ မဟုတ်ဘူး။ အဲတော့ ၈၈ ဟာ တကယ်တော့ သံကြိုးတွေဖြတ်ခဲ့တဲ့ ပွဲကြီးပဲပေါ့။ အဲဒီစိတ်ဓာတ်ဟာ နှောင်ကြိုးမှန်သမျှကို ဖြတ်နိုင်ပါတယ်။ ဒီစိတ်နဲ့ပဲ အားလုံးဆက်ပြီးတော့ ဒီလမ်းမှာ ဆက်ပြီးချီကြရဦးမယ်လို့ ကျနော်ကတော့ယုံတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024