လယ်သိမ်းခံ ရွာသားများ သက်ဆိုင်ရာကို တရားစွဲမည်
အေးနိုင်
·
October 10, 2011
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ညောင်ကုန်းရွာက လယ်သိမ်းခံရတဲ့ ရွာသားတွေက သူတို့လယ်တွေကိုသိမ်းပြီး ကော်ဖီစိုက်ခင်းထောင်တဲ့ အစိုးရအာဏာပိုင်တွေကို တရားစွဲဆိုတော့မှာဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုကို လိုက်ပါကူညီဆောင်ရွက်တဲ့ ရှေ့နေများကွန်ရက်က တရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က ခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ ဥပဒေအရ တောင်သူတွေနစ်နာတဲ့ နစ်နာကြေးတွေ ပေးဖို့ရယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တောင်ယာတွေကို ပြန်ရဖို့ရယ်ကို ကြိုးစားပြီး တရားစွဲဖို့ လုပ်ပေးနေပါတယ်။ လောလောဆယ် အချက်အလက် စုတဲ့အခါမှာ တောင်သူ ၁၃၇ ယောက်မှာ တောင်သူက ၃၀ ကျော်ပဲရသေးတော့ အချက်အလက် မပြည့်စုံသေးတော့ တောင်သူတွေကျန်ခဲ့မှာစိုးလို့ စောင့်နေတယ်။ နောက်တပတ်လောက်တော့ ရတဲ့လူလောက်နဲ့ အမြန် တရားစွဲရမယ်။”
၂၀၀၈ ခုနှစ်ကတည်းက ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်းကုန်းကျေးရွာစိုက်ခင်းကို ကော်ဖီစိုက်ခင်း တာဝန်ရှိပုဂ္ဂိုလ် ဗိုလ်မှူးကြီးလှမြင့်ဆိုသူက ကော်ဖီစီမံကိန်းအတွက်ဆိုပြီး တောင်သူတွေရဲ့ မြေဧက (၅၀၀) ခန့်ကို သိမ်းခဲ့ပါတယ်။
နိုင်ငံတော်က သိမ်းတာလို့ ပြောပေမယ့် တရားဝင်စာထုတ်ပေးခြင်းမရှိတဲ့အပြင် ခေတ်သစ်လယ်ယာမြေနဲ့ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ကော်ဖီစိုက်နေတာကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ရွာသားတွေက တိုင်ခဲ့ပါတယ်။
ဒီကြားထဲမှာပဲ အဲဒီကုမ္ပဏီက လယ်ယာမြေတွေကို ရောင်းချတာ၊ မြေလိုက်ပြတာတွေ လုပ်နေတာကြောင့် အခုလ ၄ ရက်နေ့မှာ ရွာသားတွေက ကော်ဖီစိုက်ခင်း ဧက တရာကျော်ရဲ့ အရိပ်အတွက် စိုက်ထားတဲ့အပင်တွေကို ဓားတွေနဲ့ ဝင်ရောက်ခုတ်ထစ်ဖျက်ဆီးပစ်လိုက်ပါတယ်။
ဒီနောက် သက်ဆိုင်ရာက စက်တင်ဘာ ၆ ရက်နေ့မှာ ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်အပါအဝင် ခြောက်ဦး နောက်ပိုင်းဖမ်းဆီးတာအပါအဝင် စုစုပေါင်း ကိုးဦးရှိပြီဖြစ်ပါတယ်။
ရွာသား ၉ ဦးကို လယ်ယာမြေကျူးကျော်မှု အကျိုးစီးပွားဖျက်ဆီးမှု၊ မီးရှို့မှု စတဲ့ပုဒ်မတွေနဲ့ စွဲဆိုထားပြီး လာမယ့် ၁၄ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ရှိတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။
“၂၀၀၈ ကတည်းက သိမ်းတော့ သုံးနှစ်ကျော်တော့ တောင်သူတွေကလည်း သူတို့ရဲ့ ယာတွေထဲကို ပြန်ဝင်လုပ်ကြတယ်။ ၁၀ ပေပတ်လည်လောက်ရှိတဲ့ တဲလေးတခုလည်း ဖျက်ဆီးလိုက်တယ်။ အဲဒီမှာ မီးပါရှို့တယ်ဆိုပြီး တောင်သူ ၉ ယောက်ကို ဖမ်းထားတယ်။ အခုလက်ရှိ ပြစ်မှုဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၄၃၆နဲ့ သူတို့ကို ဖမ်းထည့်ထားတယ်။ အခုပြင်ဦးလွင်ခရိုင် တရားရုံးမှာ အမှုတင်ထားတယ်။ ၁၄ ရက်နေ့မှာ စစစ်ဖို့ ချိန်းထားတယ်။”
ဒီလယ်ယာမြေသိမ်းပိုက်တဲ့အမှုနဲ့ ပုံစံတူတဲ့အမှုတခုဟာ လွန်ခဲ့တဲ့လပိုင်းက မကွေးတိုင်း ကံမမြို့နယ် စစ္စရံကျေးရွာမှာ ဦးပိုင်ကုမ္ပဏီက မြေသိမ်းရာက အစပြု အမှုဖြစ်ပြီး နောက်ဆုံးမြေသိမ်းခံရသူ ရွာသားတွေ ထောင်ကျခဲ့ရပါတယ်။