တရားခွင်နားထောင်ခွင့် တားဆီးသူကို အရေးယူမည်ဟု တရားလွှတ်တော်ချုပ် တရားသူကြီး ပြော

900
တရားခွင်တွေမှာ ပြည်သူတွေ ၀င်ရောက်နားထောင်ခွင့် တားဆီးသူကို အရေးယူသွားမယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြောကြားလိုက်တဲ့အပေါ် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ကြိုဆိုလိုက်ပါတယ်။
တရားစီရင်မှုကို ကန့်သတ်ထားတဲ့ အမှုတွေကလွဲပြီး ပြည်သူတွေ အတားအဆီးမရှိ ၀င်ရောက်နားထောင်ခွင့် ရှိကြောင်းနဲ့ အဲဒီလို ၀င်ရောက်နားထောင်ရာမှာ တားဆီးမှုတွေ ရှိတယ်လို့ တိုင်ကြားလာပါက အရေးယူသွားမယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားထားပါတယ်။
ပါလီမန်ခေတ်ကတော့ တရားရုံးတွေထဲမှာ ဥပဒေအတိုင်း နားထောင်ခွင့်ရခဲ့ပေမယ့် မဆလခေတ်ကတည်းကစပြီး တရားစီရင်မှုတွေမှာ အုပ်ချုပ်ရေးတွေဘက်က ဝင်ရောက်စွက်ဖက်ခဲ့တာကြောင့် ပြည်သူတွေဟာ လူ့အခွင့်အရေးတွေ၊ တရားစီရင်ရေးတွေ ချိုးဖောက်ခံခဲ့ရတာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။
“ဥပဒေအရ ကန့်သတ်ထားတာ မရှိဘူး။ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးကို ၀င်ကန့်သတ်ထားတာတော့ ရှိတယ်။ အဲဒါမျိုးတွေကျတော့ နားထောင်လို့မရဘူး။ အဲဒါက ဘာတွေလဲဆိုရင် နိုင်ငံရေးအမှုတွေ၊ နိုင်ငံတော်ပုန်ကန်မှုတွေ၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုဆိုတဲ့ဟာတွေ နောက်တခါ ပုဒ်မ ၁၈၊ ၁၉ လိုဟာမျိုးတွေ၊ နောက်တခါ ၅(ည) လို အမှုမျိုးတွေ၊ ၁၀(က) လို အမှုမျိုးတွေဆိုရင် သူတို့က အုပ်ချုပ်ရေးအာဏာနဲ့ နားထောင်ခွင့် မပေးတာလည်းရှိတယ်။ ဆရာတို့ကိုယ်တိုင် အင်းစိန်အထူးတိုက်မှာ နိုင်ငံတော်ပုန်ကန်တဲ့ အမှုမျိုးကို စစ်ခဲ့ရတဲ့အခါမှာ အပြင်လူ နားထောင်ခွင့် မပေးဘူး။ အဲဒါက ဥပဒေအရ နားထောင်ခွင့်မပေးတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာနဲ့ ကန့်သတ်ပြီး မပေးတာဖြစ်တယ်” လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရဲ့စကားကို အောက်ခြေက တရားရုံးတွေက လိုက်နာဖို့လိုတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဗသက်အောင်ကလည်း ပြောပါတယ်။
“တကယ်ပဲ အဲလိုမျိုး ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုမျိုးတွေကို တရားသူကြီးချုပ် ညွှန်ကြားတဲ့အတိုင်း အောက်ခြေက တရားရုံးတွေက အရင်အစိုးရလက်ထက်ကလို Mindset တွေကို ပြောင်းပြီးတော့ လက်တွေ့ ကျနော်တို့တိုင်းပြည် တိုးတက်ပြောင်းလဲရေးမှာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ တရားသူကြီးတွေအဖြစ်နဲ့ သက်သေပြပေးပါ။ တကယ်လည်း လာရောက်နားထောင်ပိုင်ခွင့်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။”
ဥပဒေအရ ကန့်သတ်ထားတဲ့ အမှုတွေဟာ ကလေးသူငယ်ဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတို့အရ ကလေးသူငယ်အမှုတွေကို သီးသန့်စစ်ဆေးရမယ်လို့ ပြဋ္ဌာန်းထားပြီး လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်နဲ့ လူငယ်တွေ ဖြစ်ပါက သီးသန့်ရုံးခန်းမှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မအရ ကျူးလွန်ခံခဲ့ရတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာအတွက် အများပြည်သူတွေ နားထောင်ဖို့မသင့်တဲ့ မုဒိမ်းမှု၊ ဖြားယောင်းသွေးဆောင်ပြီး ကာမဖျက်ဆီးမှု၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ယုတ်မာတဲ့ အဓမ္မမှုတွေကိုလည်း အမှုနဲ့ သက်ဆိုင်သူတွေကလွဲပြီး တခြား ပြင်ပသူတွေကို ၀င်ရောက် နားထောင်ခွင့် မပြုဘဲ တရားစီရင်ရတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။