နိုင်ငံတွင်း ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုအခြေအနေ အစိုးရထုတ်ပြန်

တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၉ ရက်နေ့ထိ ရေဘေးဖြစ်ပွားမှုအခြေအနေနဲ့ ရေဘေးထောက်ပံ့မှုအခြေအနေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရေဘေးဖြစ်ပွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကတော့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ဇယားမှာ ဖော်ပြပါတယ်။
စုစုပေါင်း ရေဘေးသင့်အိမ်ခြေပေါင်း ၉၉၂၈၅၊ အိမ်ထောင်စုပေါင်း ၁၀၂၈၇၆၊ လူဦးရေစုစုပေါင်း ၄၁၉၃၃၀ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ရေဘေးသင့်ဦးရေအများဆုံးဖြစ်ပြီး ၂၀၅၅၃၀ ဦး၊ မန္တလေးတိုင်း ဒေသကြီးက ရေဘေးသင့်သူ ဒုတိယအများဆုံးဖြစ်ပြီး ၁၀၇၂၀၀ ဦးဖြစ်ပါတယ်။
စုစုပေါင်း မျောပါပျက်စီးတဲ့အိမ်ခြေပေါင်း ၂၂၃ လုံးရှိပြီး ပြောင်းရွှေ့အိမ်ခြေ ၉၇၃၆၄ ရှိပါတယ်။
သေဆုံးသူကတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ၅ ဦးဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့ထိ ထောက်ပံ့မှုအခြေအနေကို ဖော်ပြတဲ့ဇယားမှာတော့ စုစုပေါင်းထောက်ပံ့မှု ကျပ် (၄၂၁၂၄၆၂၁၆) ဖြစ်ပါတယ်။ အဲဒီအထဲမှာ အရေးပေါ်အစားအစာအတွက် ကျပ် (၅၀၀၉၄၄၈၃)၊ ဆန်ရိက္ခာအတွက် ကျပ် (၃၂၂၂၆၅၄၄၇)၊ အိမ်ဆောက်ပစ္စည်း ကျပ် (၈၉၀၀၀၀၊ ကဆရ ပစ္စည်း ကျပ် (၄၇၅၉၆၂၈၆)၊ သေဆုံး ကျပ် (၄၀၀၀၀၀) ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ရေဘေးဖြစ်ပွားမှုနဲ့ ထောက်ပံ့မှုအခြေအနေကို ဇယားချုပ်နဲ့ထုတ်ပြန်သလို တိုင်းဒေသကြီး၊ ပြည်နယ်တခုချင်းစီရဲ့ ရေဘေးဖြစ်ပွားမှုနဲ့ ထောက်ပံ့မှုအခြေအနေကိုလည်း သီးခြားစီဇယားထုတ်ပြန်ထားချက်တွေကို ဌာနရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။