အိုလံပစ်ကျင်းပရာ ဘရာဇီးမြို့တော်တွင် သတင်းမီဒီယာဘတ်စ်ကားတစီး တိုက်ခိုက်ခံရ

ဓာတ်ပုံ - belfasttelegraph
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ သတင်းမီဒီယာသမားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး သြဂုတ် ၉ ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (အိုင်အိုစီ) က ပြောပါတယ်။ အခင်းဖြစ်တဲ့အချိန်ဟာ ည ၇ နာရီခွဲလောက်မှာဖြစ်ပြီး သတင်းမီဒီယာသမားတွေကို ဘတ်စကက်ဘော အားကစားပြိုင်ပွဲကျင်းပရာ ဒီရိုဒိုယိုဇုန်ကနေ မောလ်တခုဆီ လိုက်ပို့ဖို့ အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ တိုက်ခိုက်ခံရမှုကြောင့် ဘတ်စ်ကားရဲ့ ပြတင်းတံခါး ၂ ခု ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့အချိန် ဘတ်စ်ကားပေါ်မှာ ပါလာခဲ့တဲ့ Press Association ရဲ့ ဓာတ်ပုံသတင်းထောက်တဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။ “ကျနော်က ကားရဲ့ အနောက်ဘက်မှာ ထိုင်လိုက်လာခဲ့တာပါ။ အဲဒီအချိန်မှာ ကွဲအက်သံလိုလို ကြားလိုက်ရတယ်။ ဘတ်စ်ကားဟာ လုံးဝကြီး မရပ်လိုက်ပေမယ့် ရုတ်တရက် တုံ့ကနဲ ရပ်သွားတယ်။ ကျနော့်ရှေ့ကလူတွေ အကုန်လုံးဟာ ဘတ်စ်ကားကြမ်းပြင်ပေါ်မှာ မှောက်နေကြတယ်။ ကျနော်လည်း ရောယောင်ပြီး မှောက်လိုက်ရတယ်။” ဘတ်စ်ကားမောင်းသူဟာ ရုတ်တရက် ကားကို ရပ်လိုက်တဲ့ခဏမှာ ကားပေါ်ပါသူတွေက ဆက်မောင်းဖို့ အော်ဟစ်ပြောဆိုခဲ့ကြပြီး ၂ မိနစ်လောက် အကြာမှာတော့ ရဲတွေ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ကားကို လမ်းဘေးဆွဲချပြီး ကားမောင်းသူနဲ့ ရဲတွေ စကားပြောကြပြီး ကားကို ဆက်လက်မောင်းနှင်သွားခဲ့တာပါ။ ရီယိုအိုလံပစ်ကော်မတီမှ ပြောရေးဆိုခွင့်ရသူ မာရီယို အန်ဒရာဒါက “ကားပြတင်းမှန်ကွဲစတွေကြောင့် ကားပေါ်ပါတဲ့သူ ၃ ဦးလောက် အသေးစားထိခိုက်မှုတွေ ရခဲ့ပါတယ်။ ဘတ်စ်ကားဟာ သေနတ်နဲ့ ပစ်ခံရတာလား၊ ခဲနဲ့ ပေါက်ခံရတာလားဆိုတာ မသိသေးပါဘူး” လို့ ပြောပါတယ်။ ကားပေါ်မှာတော့ သတင်းမီဒီယာသမား ၁၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up