လူ့အသက်ကယ်နိုင်မည့် ပြိုင်ဘက်ကင်း သေနတ်သော့ (ရုပ်သံ)

အစ္စရေး စစ်ပြန်စစ်မှုထမ်းဟောင်းတဦး တီထွင်တဲ့ ပြိုင်ဘက်ကင်း သေနတ်သော့ဟာ လူ့အသက်တွေ ကယ်နိုင်တော့မှာပါ။ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်မှုအပေါ် အမေရိကန်ပြည်ထောင်စုမှာ အချေအတင် အငြင်းပွားနေချိန် အစ္စရေးအခြေစိုက် ဇိုးအဖွဲ့တော့ သူတို့ရဲ့ သေနတ်လုံခြုံရေး ကိရိယာဟာ ပြဿနာအချို့အတွက် အဖြေဖြစ်လာမယ်လို့ ဆိုပါတယ်။ ဇိုးအက်ခ်စ်သော့ဟာ နံပါတ်နှိပ်သွင်းရတဲ့ သော့စနစ်ဖြစ်ပြီး ဆီမီးအော်တိုမက်တစ် သေနတ်တွေရဲ့ ကျည်ထိုးလမ်းမှာ တပ်ဆင်ရတာမို့ အခွင့်မရှိသူအဖို့ သေနတ်ကိုင်လို့မရအောင် ဟန့်တားပေးနိုင်ပါတယ်။ "ဒီသော့ကို ကျည်တောင့်ပုံ ထုတ်ထားတဲ့အတွက် သေနတ်ရဲ့ ကျည်ထိုးလမ်းမှာ တပ်ဆင်လို့ရတယ်။ သော့ချလိုက်တာနဲ့ သေနတ်က ကျည်မထွက်တော့ဘူး။" သေနတ်ပိုင်ရှင်က ပင်ကုတ်ထည့်မှသာ သေနတ်က သော့ပွင့်သွားမှာပါ။ "သော့ဖွင့်ရတာလည်း အရမ်းလွယ်ပါတယ်။ ကုတ်ရိုးရိုး ဒါမှမဟုတ် ကုတ်အရှည် ကြိုက်ရာရွေးနိုင်တယ်။ ကိုယ်နှစ်သက်သလိုပေါ့။ ၂ စက္ကန့်အတွင်း ပြန်ဖွင့်လို့ရတယ်။" ကုမ္ပဏီကတော့ ဒီသော့ဟာ သေနတ်ကြောင့် မတော်တဆ သေဆုံးမှုတွေကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ကိုင်ဆောင်သူအဖို့ လိုအပ်တဲ့အခါ သော့အမြန်ဖွင့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ သမားရိုးကျ လုံခြုံရေးသော့တွေနဲ့ မတူတာက ဇိုးအက်ခ်စ်သော့ဟာ ပိန်းပိတ်နေတဲ့ အမှောင်ထုထဲမှာတောင် သော့ပိတ်ထားရာကနေ ပစ်လို့ရတဲ့ အနေအထားထိ အမြန်ဆုံး ဖွင့်နိုင်ပါတယ်။ လက်လှည့်ဒိုင်ခွက်မှာ ဘလူးတုသ်မော်ဂျူးအပြင် စမတ်ဖုန်းနဲ့ ဆက်သွယ်နိုင်တဲ့ လှုပ်ရှားမှုအာရုံခံ ပါတဲ့အတွက် တယောက်ယောက်က သေနတ်ကို လက်ဆော့နေပြီဆိုတာနဲ့ ပိုင်ရှင်ကို တပ်လှန့်ပေးနိုင်ပါတယ်။ ဇိုးကုမ္ပဏီဟာ ဒီသော့ကို စီးပွားဖြစ်ထုတ်လုပ်ဖို့ Indiegogo ၀က်ဘ်ဆိုက်ပေါ် လူထုရန်ပုံငွေ ကောက်ခံရာမှာ မူလရည်မှန်းတဲ့ ပမာဏထက် ၃ ဆဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up