ဥရောပစူပါဖလားပွဲ ရီးရဲလ်မက်ဒရစ် ၃ – ၂ ဆီဗီလာ (ရုပ်သံဟိုက်လိုက်)

1.9K
ဥရောပကလပ်အသင်းချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာတို့ရဲ့ ဥရောပစူပါဖလားပွဲကို သြဂုတ် ၉ ရက်ညက ယှဉ်ပြိုင်ရာ ရီးရဲလ်မက်ဒရစ်က ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဖလားဆွတ်ခူးသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ မပါဝင်ဘဲ ယှဉ်ပြိုင်သွားတာပါ။
ရီးရဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၁ မိနစ်မှာ အဆန်ဆီယိုက အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၄၁ မိနစ်မှာ ဆီဗီလာအသင်းအတွက် ဗက်စ်ကွက်က ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစားလဲမှုတချို့ ပြုလုပ်ခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ ဆီဗီလာက ရရှိသွားကာ ပွဲချိန် ၇၂ မိနစ်မှာ ကိုနိုပလိုင်ယန်ကာက ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့တာပါ။
ဒီ့နောက် ရီးရဲလ်အသင်း တိုက်စစ်ဆင်ကစားပြီး ပွဲချိန် မိနစ် ၉၀ ပြည့်ခါနီးမှာ အသင်းခေါင်းဆောင် ရာမို့စ်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေနဲ့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဒီပွဲမှာ ဆီဗီလာက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီး ယူနိုင်ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာတော့ ရီးရဲလ်က အသာစီးရခဲ့ပါတယ်။
အချိန်ပို ပထမပိုင်း ၃ မိနစ်မှာ ဆီဗီလာကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်တွေကို ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ရီးရဲလ်အတွက် ဖလားဆွတ်ခူးနိုင်မယ့် အဖိုးတန် အနိုင်ဂိုးကိုတော့ အချိန်ပို ဒုတိယပိုင်း ပြီးကာနီးမှာ နောက်ခံလူ ကာဗာဂျယ် တကိုယ်တော် ထိုးဖောက်ကန်သွင်းပြီး ရယူပေးခဲ့လို့ ပွဲအပြီးမှာ ရီးရဲလ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။