Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကိစ္စ တိုင်းရင်းသားလွှတ်တော်အမတ်များဆွေးနွေး
နန်းမြနဒီ
·
August 9, 2016
တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၁ ရာစုပင်လုံညီလာခံကိစ္စ  အပါအ၀င်လွှတ်တော်ရေးရာကိစ္စတွေနဲ့ပတ်သက်လို့ ဒီကနေ့ ညနေ နေပြည်တော်မှာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပလာတာကြာပြီဖြစ်ပေမယ့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ရင်းရင်းနှီးနှီးမဆုံဖြစ်သေးတာကြောင့် အခုလိုတွေ့ဆုံပွဲ လုပ်လိုက်တာလို့  ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အမတ်  ဒေါ်ခင်စောဝေက ဒီဗွီဘီကို ပြောပါတယ်။ “ကျမတို့လွှတ်တော်ကိုယ်စားလှယ်ထဲက တိုင်းရင်းသားတွေနဲ့ တခါမှမဆုံဖြစ်သေးပါဘူးရှင့်၊ အဲဒီတော့ ကျမတို့ရခိုင်အမျိုးသားပါတီကပဲ ဦးဆောင်ပြီး တိုင်းရင်းသားပါတီအားလုံးကို ဖိတ်တယ်။ ကျမတို့တွေ ရှေ့ကိုဆက်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးမယ့်ဟာတွေကို ဘယ်လို တိုင်ပင်ပြီးလုပ်ကြမယ်။ နောက်တခါ ပင်လုံညီလာခံမှာလည်း ကျမတို့တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့  ဘယ်လောက်အထိပါဝင်ချင်သလဲ ဆိုတဲ့ပုံစံမျိုးတွေနဲ့ ကျမတို့က တယောက်နဲ့တယောက် ဖလှယ်ပြီးတော့ ဆွေးနွေးကြမှာပါရှင့်။” ဒီတွေ့ဆုံပွဲမှာ အင်အားကြီး အန်အယ်လ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလွဲလို့ ကျန်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်၊ ကိုးကန့်၊ ပလောင်၊ ၀၊ ရှမ်း စတဲ့ တိုင်းရင်းသားပါတီအားလုံးကို ဖိတ်ကြားထားပြီး ရခိုင်ပါတီက လွှတ်တော်အမတ် ၂၀ ကျော်လည်းပါဝင်တက်ရောက်မယ်လို့  ဒေါ်ခင်စောဝေကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024