Home
မေးမြန်းခန်း
မူးယစ်ဆေးဝါးသုံးတာက ဒီမှာ ဓလေ့လိုဖြစ်နေတာ - ကော့သောင်းမြို့ နယ်ထိန်း
အေးနိုင်
·
August 9, 2016
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေကို စိတ်ကြွဆေးပြားရောင်းချနေသူတဦးကို သြဂုတ်လ ၇ ရက်နေ့ခင်းက ရဲက ဖမ်းဆီခဲ့ပါတယ်။ အောင်သုခရပ်ကွက် ကမ်းသာယာလမ်း နေ ဦးမောင်ညွန့် (အသက် ၅၂ နှစ်) ထံက WY အမျိုးအစား စိတ်ကြွဆေးပြား တစ်ပြားကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ တဆင့်ခံ ရောင်းခိုင်းတဲ့ အသက် ၂၀ ခန့်အရွယ် ကိုချစ်ချစ်ကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ဒီဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ နယ် ထိန်း ဒုရဲအုပ်အောင်ဇော်မင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်ပြီး ဒေသတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို မေးမြန်းခဲ့ ပါတယ်။ သြဂုတ် ၇ ရက်နေ့ခင်းတုန်းက ကျောင်းသားလေးတွေကို စိတ်ကြွဆေးပြား ရောင်းသူတဦးကို ဖမ်းမိတယ်လို့ သိရပါ တယ်။ ပြောပြပေးပါခင်ဗျ။ “ဒီကလေးလေးတွေ ကိုးတန်းကျောင်းသားလေးတွေပေါ့နော် သူတို့တွေက မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ ဆရာ၊ ဆရာမတွေက ယူဆတယ်။ ယူဆတယ်ဆိုတာက နည်းနည်းယွင်းတဲ့ ပုံစံမျိုးလေးရှိတယ်ပေါ့နော်။ ရှိတော့ ဒါနဲ့ပတ်သက်ပြီးတော့လည်း နည်းနည်း ဒီကလေး လေးတွေကို ကျောင်းမှာ ခံဝန်ထိုးတာရှိတယ်၊ ဆရာ ဆရာမတွေက။ အဲဒါနဲ့ပတ်သက် ပြီးတော့လည်း ကျနော်တို့က ဒီကျောင်းနားမှာ မူးယစ်ဆေးဝါးလာပြီး ရောင်းတယ်လို့ သံသယရှိတဲ့ကလေးလေးတွေကို ကြည့်နေတာကြာပြီ။ အဲဒီတော့ အဲဒီမှာလာပြီးရောင်းချပေး တယ်ဆိုတဲ့ကလေးလေးတွေကလည်း အရင်က ဒီကျောင်းမှာ နေဖူးတဲ့လူတွေပေါ့ဗျာ အကြောင်းအမျိုးမျိုးနဲ့ ကျောင်းထွက်ရသူတွေ၊ ဆရာ ဆရာမတွေနဲ့ အဆင်မပြေတာလား ဘယ်လိုပြဿနာတက်တာလဲ။ အဲလို ကျောင်းမှာ ပြဿနာတက်လို့ ကျောင်းထုတ်ခံထားရတဲ့ ကလေးတွေ။ အဲဒမျိုးကလေးတွေက တယောက်နှစ်ယောက်ပါတယ်။ အသက်လေးတွေက ငယ်ပါသေးတယ်၊ ၁၃၊ ၁၄ လေးတွေပါပဲ။ ဒီကောင်တွေကို အဓိက မူးယစ်ဆေးဝါးပေးတာက ဘယ်သူပေးတာလဲဆိုတော့ ကျနော်တို့စုံစမ်းတော့ ချစ်ချစ်ဆိုတဲ့ တယောက်ရယ်၊ ချစ်ချစ်ကတော့ ပထမ နှင်းဆီ ၅ လမ်းမှာ နေတယ်ခင်ဗျ။ အောင်သုခ ရပ်ကွက်ပေါ့။ အဲဒါပြီးတော့ ကျနော်တို့ ထပ်စုံစမ်းလိုက်တဲ့အခါကျတော့ မောင်ညွန့်ပေါ့နော်။ သူတို့နှစ်ယောက်က ရောင်းရောင်းပေး တယ် ကျောင်းသားလေးတွေကို။ ကျနော်တို့က ချစ်ချစ်ကို အရင်ဆုံးလိုက်စုံစမ်းလိုက်တဲ့ အခါကျတော့ အိမ်မှာ လူက မရှိဘူး။ မောင်ညွန့်တော့ရှိတယ်၊ အိမ်မှာ။ အဲဒါနဲ့ ကျနော်တို့က မြို့နယ်မှူးဆီ ၀ရမ်းတောင်းပြီး မောင်ညွန့်အိမ်ကို အရင်ဝင်ရှာ လိုက်တယ်။ ကျနော်တို့မရှာခင်မှာ ကလေး ၃ ယောက်ရောက်လာပြီး ဆေးဝယ်သွားတယ်။ အဲဒီတော့ သူ့ဆီမှာကျန်တာ ဆေးက တပြားလေးပဲ ကျန်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းထပ်ပြီးတော့ သူ့ကိုမေးလိုက်တဲ့ အခါ ဒီဆေးပြားတွေကို ချစ်ချစ်က လာပေးပြီးတော့ ရောင်းခိုင်းတာပေါ့။ အဲဒါနဲ့ ချစ်ချစ်ကို လိုက်ရှာတော့ မတွေ့ဘူး။ သူ့အိမ်ထပ်ရှာတယ်။ ရှာလိုက်တဲ့အခါ သူ့အိမ်မှာက ဘာမှတော့ မတွေ့ဘူး။ လူလည်း မတွေ့ဘူး။ လူက ပြေးသွားတယ်။ အခုချိန်ထိ မတွေ့တော့ဘူးပေါ့နော်။” ကိုမောင်ညွန့်ဆီမှာ လာဝယ်ကြတဲ့ကလေးလေးတွေက ဘယ်အရွယ်တွေလဲ။ “ကိုးတန်းကျောင်းသားလေးတွေဆိုတော့ ၁၃၊ ၁၄၊ ၁၅ အရွယ်တွေ။" ကိုမောင်ညွန့်ကို ဘာနဲ့စွဲဆိုထားလဲ။ “ကော့သောင်းရဲစခန်း မယ (ပ) ၆၅ မျဉ်းစောင်း ၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅ မျဉ်းစောင်း၊ ၁၆ ဂငယ် ၂၀ က မျဉ်းစောင်း ၂၁ ပေါ့။ ကလေးတွေဝယ်သွားတာက ရာဘလို့ခေါ်လို့ရလား။ “WY ဆေးပြားပေါ့၊ ရာဘလည်းခေါ်တာပေါ့။ စိတ်ကြွဆေးပြားပေါ့။ ကော့သောင်းမြို့မှာ လူငယ်တွေ၊ ကလေးတွေ မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေက ဘယ်လို ရှိနေလဲ။ “ဒီမှာက နယ်စပ်လည်းဖြစ်တယ်။ နောက်ပြီးတော့ ပင်လယ်ဒေသမှာ သွားလာနေပြီးတော့ အလုပ်လုပ်နေကြတဲ့လူလည်းဖြစ်တယ်၊ နောက်ပြီးတော့ စာတတ်တာလည်း နည်းနည်း နည်းတယ်ဗျ။ စာတတ်ပေတတ်လည်းနည်းတော့ ဒီမှာက မူးယစ်ဆေးဝါးသုံးတဲ့အတိုင်းအတာက ဘယ်လိုဖြစ်လဲဆိုတော့ ဓလေ့လိုပုံစံမျိုးတောင်ဖြစ်နေတာ။ ဟိုးအရင်တုန်းက ဘိန်းစာမှုန့်တို့ ဘာတို့ဆိုတာ ကျနော်တို့ တရားဝင် မူးယစ်ဆေးဝါးဖြစ်ကြောင်း မကြေညာခင်တုန်းကဆိုလို့ရှိရင် ပင်လယ်ပြင်မှာ အကုန်သုံးနေကြတာပေါ့။ ကျနော်တို့ ဗမာတွေက အလွဲသုံးတာ။ ဒီဘိန်းစာမှုန့်တို့ ဘာတို့က ဆီချို၊ သွေးချိုတွေ တော်တော်ကောင်းတယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့ဆီက နို့ချဉ်တို့၊ ချောင်းဆိုပျောက်ဆေးတွေဘာတွေနဲ့ ဖျော်သောက်တာတို့ ဘာတို့ လူငယ်တွေက လုပ်ကြတာ ကိုး။ အာဆီယံဆိုပြီးတော့၊ အဲဒီကနေ စပျက်ဆီးတာပေါ့ ကလေးတွေ။” ကျောင်းတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပညာပေးတွေလုပ်ကြမှာပေါ့နော်။ “လုပ်တယ်၊ အခုထပ်လုပ်ဖို့တောင် ရှိသေးတယ်။ အဲဒီကျောင်း (အထက ၁) ဆိုလို့ရှိရင် နှစ်ကြိမ်၊ သုံးကြိမ်တော့ လုပ်ကြတယ်။” ကော့သောင်းမှာ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရရှိမှုအခြေအနေကရော ဘယ်လိုရှိသလဲ။ ဒေသခံကလေးမိဘတွေက စိုးရိမ်ရတယ် ပြောကြလို့။ “တကယ်တော့ ကျနော်တို့ ကော့သောင်းမြို့အနေနဲ့ကတော့ တခြား ပြည်နယ်နဲ့တိုင်းထက်စာရင် အများကြီးတော့ သက်သာပါတယ်။ သက်သာပါတယ်ဆိုတာ ကျနော်ကလည်း တော်တော် ဖမ်းတယ်ဗျ။ ဖမ်းတယ်ဆိုတော့ ဒီမိဘတွေပဲဖြစ်ဖြစ်၊ ဒီက လူငယ်တွေကပဲဖြစ်ဖြစ် ဘယ်လိုပဲ ပြောပြောပေါ့ ကျနော်က ၁ ပြားရရင် ၁ ပြား၊ ၁၀ ပြားရရင် ၁၀ ပြား၊ အပြား ၅၀ ရရင် အပြား ၅၀၊ ၁၀၀ ရရင် ၁၀၀ တွေ့တာ၊ တွေ့တာ အကုန်ဖမ်းတာပဲ။ ကျနော်က ဒီဟာနဲ့ပတ်သက်ရင်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ခွင့်မလွှတ်ဘူး။ ၁ ပြားရရင် ၁ ပြားရလည်း ကျနော်က ဖမ်းတာပဲ။ အဲဒီတော့ ဒီမှာက အရင်တုန်းကပေါ့ ညပိုင်းတောင်မှ သွားဖို့လာဖို့တောင်မှ လူတွေက မရဲဘူးဗျ။ အရင် အမြန်ယာဉ်ထွက်တဲ့အချိန်မှာ ၀ိုင်တူးဆိုတဲ့ကောင်က ပေါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျနော် ဥပဒေနဲ့အညီ ထိထိရောက်ရောက် နှိမ်နင်းလာတဲ့အခါကျတော့ အခုကတော့ မြို့ကတော့ အရင်လောက်ကြီး မဆိုးတော့ဘူး။ မူးယစ်ဆေးဝါးသုံးစွဲမှုကတော့ မြိတ်တို့၊ ထားဝယ်တို့ထက်စာရင် အများကြီးသက်သာပါတယ် ကျနော်တို့ဆီက။ မြိတ်တို့၊ ထားဝယ်တို့ဆို သူတို့ မနိုင်တော့ဘူး။ မနိုင်ဘူးဆိုတာက မူးယစ်ဆေးဝါးကြောင့် ပြဿနာဖြစ်တာတွေ တအားဖြစ်ကြတယ်။ ပြဿနာဖြစ်တယ်ဆိုတာက စောစောက လုတာတို့၊ ခိုးတာတို့ပေါ့နော် မြိတ်တို့၊ ထားဝယ်တို့ကျတော့။ ကျနော်တို့ဆီမှာ အဲဒါမျိုးတော့ သိပ်မရှိဘူး၊ နည်းနည်းနည်းတယ်။ လုယက်မှုလေးတွေလည်း ရှိပါတယ် ကျနော်တို့ဆီမှာ ၂ မှုလောက်တော့ ရှိတယ်။ အဲဒါလေးတွေလည်း ဖမ်းဆီးပြီး အရေးယူထားတယ်။” ကိုမောင်ညွန့်အိမ်မှာ သွားဖမ်းကြတော့ ဆေးတပြားအပြင် ဘိန်းစာမှုန့်နဲ့ ပိုက်ဆံနည်းနည်း ဖမ်းမိတယ် မဟုတ်လား။ “ဘိန်းစာမှုန့်က တထုတ်ပါ၊ သူသုံးဖို့ပဲကျန်တာ။ သူ့ဆီမှာရှိတဲ့ပစ္စည်း (WY ဆေးပြား) က သူက ရောင်းလိုက်ပြီ။ ရောင်းထားပြီးသား၊ ပစ္စည်းကုန်တဲ့အချိန် ကျနော်တို့က သွားဖမ်းသလို ဖြစ်နေတာ။ ဒီကမိဘ၊ ဒီကလူတွေက ကျနော်တို့ကို အားမရတာ ဘယ်လိုအားမရလဲဆိုတော့ စောစောကလိုပေါ့၊ မူးယစ်ဆေးဝါးဖမ်းလို့ရှိရင် သူက အချီကြီးပေါ့ဗျာ အလုံး ထောင်ချီ၊ သောင်းချီ သူတို့က ရစေချင်တယ်။ ကျနော်တို့ကလည်း ရနိုင်သလောက် ကြိုးစားပြီးတော့ ဖမ်းနေကြတာပဲ။ နောက်တခုက မူးယစ်ဆေးဝါး တကယ်အကြီးအကျယ် ရောင်းတဲ့လူကျတော့လည်း အိမ်မှာ ပစ္စည်းက ထားတာမဟုတ်ဘူး။ တပည့်တွေအများကြီး မွေးပြီးတော့ တပည့်တွေလက်ထဲထား၊ သူတို့လက်ထဲ ဘာမှ မရှိဘူး။ အဲဒီတော့သူတို့ကို ကျတော့လည်း ဖမ်းဖို့က နည်းနည်းလေး အခက်အခဲရှိတာပေါ့။ နောက်ထပ် ဆက်စပ်အနေနဲ့ ကျနော်တို့က ထပ်ဖမ်းရတာ။ ဆက်စပ်ဆိုတာ ဥပမာ-မူးယစ်ဆေးဝါး မောင်ဖြူက ရောင်းတယ်ဗျာ။ မောင်ဖြူမိလိုက်တော့ ဘယ်သူ့ဆီကရသလဲဆိုတော့ မောင်နီဆီကရတယ်။ မောင်နီက တကယ့်ကို ဆရာကြီးပေါ့။ သူ့ဆီသွားရှာလည်း ဘာပစ္စည်းမှမရဘူး။ ဒါပေမယ့် သူ့ကို ကျနော်တို့က ဆက်စပ်ထည့်ရတာပေါ့၊ သူ့ရဲ့ထွက်ဆိုချက်ကို၊ အဲလိုထည့်ပြီး ဖမ်းနေရတာ။” တနိုင်ငံလုံး၊ တနင်္သာရီတိုင်းပေါ့လေ။ ပင်လယ်ပြင်မှာ ကျွန်းတွေလည်း ရှိကြတော့လေ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးထိထိရောက်ရောက်လုပ်ဖို့က ဥပဒေလိုအပ်တာလား။ လူအင်အား လိုတာလား၊ ပညာပေးလိုတာလား။ ဘယ်လိုသုံးသပ်နို်င်မလဲ။ “ပညာပေးကတော့ ကျနော်တို့ဆီမှာ စခန်းမှူးရောပေါ့၊ အကုန်လုံးပေါ့ ပေးတော့ ပေးနေတာပဲ။ ပေးနေတယ်ဆိုပေမယ့် ဒီကလူငယ်တွေက သိပ်ပြီး အဲလို ပညာပေးဟောပြောတာကို အာရုံသိပ်မရဘူး။ မရဘူးဆိုတော့ ကျနော်တို့မှာ အဓိကကတော့ အင်အားပေါ့ဗျာ၊ လူအင်အားက အများကြီးလိုတယ်။ ကျနော့်နယ်ထိန်းအဖွဲ့ကလည်း ကော့သောင်းမှာ ၁ အပေါင်း ၆ ပဲ ရှိတယ်လေ။ ၁ အပေါင်း ၆ ဆိုတော့ သိတဲ့အတိုင်းပဲ ကျနော်တို့က တရားခံထုတ်တာကအစ၊ သမ္မာန်စာဆင့်တာ၊ သတင်းဘာညာကိစ္စ အကုန်ပေါ့၊ အကုန်လုံး အောက်ခြေသိမ်းကျနော်တို့ လုပ်ရတယ်လေ။ လုပ်ရတဲ့အခါကျတော့ ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် ကျနော်တို့အနေနဲ့ ဒါ အရင်လူတွေဆို သိပ်မလုပ်နိုင်သေးဘူး။ ကျနော်ကတော့ ဘာပဲဆိုဆို ကျန်တဲ့ကိစ္စတွေထက် စာရင် မူးယစ်ဆေးဝါးကိုတော့ ပပျောက်စေချင်လို့ ဖိဖိစီးစီးလုပ်တယ်။ လုပ်နေတာဆိုတော့ ရှိတဲ့အားနဲ့ ကျနော် ချနေရတာပဲ။ ကျနော်တယောက်တည်းအားနဲ့ ချနေတာပဲ မတတ်နိုင်ဘူး။ ချဗျာဆိုပြီးတော့။ ကျနော့်ကို မကျေနပ်တဲ့ကောင်တော့ အများကြီး (ရယ်လျက်) ။” မူးယစ်ဆေးဝါးသတင်းတွေ လိုက်မေးတဲ့အခါ အစိုးရ၊ ရဲ၊ ပြည်ထဲရေးပေါ့ ဝေဖန်ခံရတယ်၊ သေသေချာချာမဖမ်းလို့၊ ဖမ်းရင်မိတာပဲ ဆိုပြီးတော့ ဒေသခံတွေက ပြောကြတယ်။ ဖမ်းနေဆီးနေတဲ့ ရဲတွေအနေနဲ့က ဒီအပေါ် ဘာပြန်ဖြေရှင်းစရာရှိမလဲ။ “မှန်တာပေါ့။ ဥပမာပေါ့ ကျနော်တို့က မူးယစ်ဆေးဝါး တအိမ် သတင်းရလို့ သွားဖမ်းတယ်။ အဲဒီမှာ အိမ်ကြီးကအကျယ်ကြီး၊ ဒီမှာ ခြံတွေလည်း ကျယ်တယ် သိလား။ ခြံတွေကျယ်တော့ ခြံတွေ တနေရာရာမှာ သူတို့ မြေမြှုပ်တာဖြစ်ဖြစ်၊ ၀ှက်ထားတာဖြစ်ဖြစ်ရှိတတ်တယ်။ ကျနော်တို့ က တအိမ်လုံးရှာတာပေါ့။ မြေကြီးကျတော့လည်း အကုန်လုံးလိုက်တူးပြီး မမြှုပ်နိုင်ဘူးလေ၊ လိုက်ပြီးတော့ မရှာနိုင်ဘူး။ ကိုယ်ထင်တဲ့နေရာတွေလောက်တော့ လိုက်ရှာတာပေါ့။ ဒါပေမယ့် မတွေ့ခဲ့ဘူးပေါ့။ မတွေ့ဘဲနဲ့ နည်းနည်းပါးပါးလောက်ကျနော်တို့က တွေ့ပြီးပြန်လာရတယ်။ ပြန်လာတဲ့အခါကျတော့ ပြီးမှ ဘာပြောလဲဆိုတော့ ဘေးပတ်ဝန်းကျင်ရပ်ကွက်က ‘ဟာ သေသေချာချာမရှာဘူး၊ အဲတုန်းက ဘယ်နေရာမှာ ၀ှက်ထားတာ၊ အဲဒီတုန်းက အဲဒီနေရာ သွားမရှာလို့’ ‘အမတို့ အကိုတို့ရယ်၊ စောစောစီးစီးကများ ကျနော်တို့ ရှာနေတဲ့အချိန်လေးမှာ လက်တို့ပြီးဖြစ်ဖြစ်၊ တယောက်ယောက်ဖြစ်ဖြစ် အဲလိုလေး ပြောပေးပါလားဆိုတော့ အဲလို ကျတော့ သူတို့က မပြောရဲဘူးဗျ။ ဒီမှာက ပင်လယ်ကျွန်းရွာတွေလည်းများတယ်။ များတဲ့ အခါကျတော့ အဲဒီနေရာတွေကိုလည်း ကျနော်တို့ရဲတပ်ဖွဲ့က ဘယ်လိုပြောမလဲ အရောက် အပေါက် နည်းနည်း နည်းတာပေါ့၊ လူအင်အားလည်းနည်းတဲ့အခါကျတော့။ နည်းတော့ တချို့တလေနေရာတွေကျတော့လည်း မပြောရဲကြဘူး။” မူးယစ်ဆေးဝါးကိစ္စဆိုလို့ ခုတလော ဖိလစ်ပိုင်မှာ သမ္မတသစ်တက်လာပြီး မူးယစ်ဆေးဝါး နှိမ်နင်းတာ လူ ၄၀၀ ကျော် လောက် ပစ်သတ်ဖမ်းဆီးခဲ့တယ်နော်။ “သူတို့ကတော့ ကြမ်းတယ်။ ဒီမှာကသိတဲ့အတိုင်းပဲ လူ့အခွင့်အရေးဆိုတာတွေက ပါသေးတယ်။ ကျနော်တို့ဖြစ်စေချင်တာတော့ ကော့သောင်းမြို့က ရဲနဲ့မတူဘူး နံပါတ် ၁ အချက်၊ နံပါတ် ၂ အချက်က အရင်တုန်းက ဒီလိုတကယ် ဆိုးတယ်၊ မူးယစ်ဆေးဝါးတွေ အရမ်းသုံးစွဲနေတယ်၊ ရောင်းဝယ်နေတယ်လို့ ကျော်ဇောသတင်းရှိတဲ့လူတွေကို ကျနော်တို့က ခြေချုပ်လုပ်တာပေါ့ဗျာ။ အခုကျတော့ ရန်ကုန်တိုင်းတောင်မှာ တကယ်တမ်းဆိုးတဲ့လူတွေကို အမှန်တကယ်ခြေချုပ် လုပ်နေကြပြီ။ ကျနော်တို့ဆီမှာကျတော့ ခြေချုပ်လေးနဲ့တတ်နိုင်သလောက် ထိန်းတယ် အရင်တုန်းကတော့။ အခုက ခြေချုပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဘယ်လိုပြောမလဲ Suggestion ထောက်ခံချက် မပေးတော့ဘူးဗျ သူက။ မပေးတဲ့အခါကျတော့ ရပ်ကွက်ထဲတကယ်ဆိုးတဲ့ကလေးတွေ လုပ်မရဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံတယ်ဗျာ၊ လမ်းပဲထားပါ လမ်းထဲမှာ အိမ် ၂၀ ဆို ၂၀၊ အိမ် ၃၀ ဆို ၃၀ က ဒီလူတွေအားလုံးကလည်း အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်ပြီးလက်မှတ်ထိုးပြီး ပေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ကလည်း အမှန်တကယ်ဆိုးတယ်လို့ ထောက်ခံပြီးတောင်းတာတောင် မရဘူး။ အခုကော့သောင်းပေါ်မှာ ဖြစ်နေတာက တချို့တလေကျတော့ အရင်တုန်းကတော့ မိဘက ကိုယ့်သားသမီးချစ်လို့ ဘာမှမပြောကြဘူးပေါ့။ နောက်ကြာတော့ မူးယစ်ဆေးဝါးနည်းနည်းပါးပါးသုံးစွဲလာရာကနေ များလာတဲ့အခါကျတော့ သူက မနိုင်တော့ဘူး ကိုယ့်သားသမီးကို ကိုယ်။ အဲဒီအခါ ရဲကိုလာအပ်တယ်ဗျ၊ သူ့သားကိုဖမ်းပြီး အချုပ်ထဲ ၄၊ ၅ လလောက်ထည့်ပေးပါလို့၊ အဲလိုလာတာ။ လာတော့ ကျနော်တို့က အဲဒီလိုတော့ ထည့်ပေးလို့မရဘူး၊ ဥပဒေနဲ့မညီဘူး၊ ကျနော်တို့က သူ့ကို ဖမ်းဆီးအရေးယူမှပဲရမယ်၊ ကျနော်တို့က ဘာပဲဖြစ်ဖြစ် အဲဒါဆိုရင်တော့ ဖမ်းမယ်။ သူတို့ကတော့ မဟုတ်ဘူး ဆေးဖြတ်တဲ့ဆီသွားမယ်၊ သားသမီးက ပြောမရဆိုရမရဖြစ်နေတော့ သူတို့ ဘာမှလုပ်မရဘူး၊ စိတ်တွေညစ်ပေါ့နော်။ သူတို့သားသမီးတွေကို ဆေးဖြတ်စေချင်တယ်။ နောက် အဲလို ဆေးဖြတ်ဖို့အတွက်က အားလုံးနဲ့ အဆက်အသွယ်ပြတ်တဲ့နေရာပေါ့ဗျာ၊ စောစောကလို အချုပ်ထဲတွေ ထည့်ထားချင်တာ။ မှတ်လောက်သားလောက်အောင် ကိုယ့်သားသမီးကို။ အဲဒီလိုတောင်းဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ ကျနော်တို့၊ ရဲတို့။ အဲလိုတောင်းဆိုတာ တောင်မှ ဒီလိုကောင်မျိုးတွေကို ထိန်းဖို့ အနည်းဆုံးတလလောက်အချုပ်ထဲမှာထားလို့ရအောင် ကျနော်တို့က ခြေချုပ်လိုဟာမျိုးနဲ့ လုပ်ချင်တယ်။ အဲလိုဆိုတဲ့အခါကျတော့ ကျနော်တို့မှာ ဒီလူဆိုးတွေကိုထိန်းဖို့အတွက် ရဲအက်လည်းမရှိဘူးဆိုတော့၊ ခြေချုပ်ကလည်း မပေးဘူးဆိုတော့ ကျနော်တို့က တကယ်ပြစ်မှုကျူးလွန်တဲ့အခါကျမှပဲ ကျနော်တို့က ဖမ်းဆီးအရေးယူရတဲ့ အနေအထားတွေဖြစ်လာတယ်။ ခြေချုပ်ခွင့်က တရားရုံးက မပေးတာလား။ မဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးက။ ကျနော်တို့က ဒီမှာက ရပ်ကွက်ကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးတို့၊ ကျနော်တို့ဆီကို သဘောထားမှတ်ချက်ပေါ့ဗျာ၊ သူတို့ရဲ့အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ တင်ရတယ်။ တင်လိုက်တဲ့အခါကျတော့ ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေး ကနေပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်စရာ အကြောင်းမရှိဘူး၊ တရားစွဲဆိုသင့်တယ် ဆိုမှ သူက သဘောထားမှတ်ချက်ကလေးပေးတယ်။ ပြီးရင် မြို့နယ်မှူးရဲ့ သဘောထားမှတ်ချက်၊ အဲလိုတွေနဲ့ရပြီးမှ ကျနော်တို့က ခြေချုပ်ဖွင့်ရတာ။” ဒါဆို အစိုးရသစ်လက်ထက်မှာ ပြောင်းတာလား။ “အဲလိုကြီးတော့ မဟုတ်ပါဘူး၊ အခုချိန်ထိတော့ ခြေချုပ်ဥပဒေက ရှိနေသေးတယ်။ ရှိနေပေမယ့် စောစောကလိုပေါ့ ဒါဟာ လူ့အခွင့်အရေးနဲ့ မညီဘူး၊ လူတယောက်ကို အဲလိုလုပ်လို့ မရဘူး ပေါ့နော်၊ ဒါမျိုးလေးတွေဖြစ်လာတာ။ ပြီးခဲ့တဲ့တခေါက်က လူသတ်မှုဖြစ်တယ် မဟုတ်လား။ အောင်ဘာမှာဖြစ်တဲ့ဟာ၊ အဲဒီကောင်ကို ကျနော်တို့က ခြေချုပ်လုပ်ဖို့ ပြင်တယ်၊ ရပ်ကွက်ထဲမှာ ရန်အောင်ဟာ တော်တော်ဆိုးနေလို့။ အဲဒီတုန်းကသာ ခြေချုပ်လုပ်ခဲ့ရလို့ရှိရင် သူ အများကြီး ငြိမ်သွားမယ်ပေါ့နော်၊ အခုလို လူသတ်မှုထိဖြစ်လာစရာ အကြောင်းမရှိဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024