ရီယို ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း အလစ်သုတ်ခိုးယူ တိုက်ခိုက်မှုများ ရုပ်သံဖိုင် ထွက်ပေါ်

ဘရာဇီးနိုင်ငံမှာ လက်ရှိကျင်းပနေဆဲ ရီယို ၂၀၁၆ ကမ္ဘာ့အိုလံပစ်ပွဲတော် ကာလအတွင်း လမ်းမတွေပေါ်မှာ အတင့်ရဲရဲနဲ့ အလစ်သုတ်ခိုးယူ တိုက်ခိုက်မှုတွေကို ဖမ်းယူရရှိထားတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆယ်ကျော်သက် ကောင်လေးတဦးဟာ လမ်းလယ် လူကူးမျဉ်းကြားမှာ ရပ်နေခဲ့တဲ့ အမျိုးသမီးတဦးဆီ ပြေးသွားခဲ့ကာ လွယ်ထားတဲ့အိတ်ကို လုယူဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ နောက်အဖြစ်အပျက်တခုမှာတော့ ပိုက်ဆံတွေကို လက်ထဲမှာ ကိုင်ထားတဲ့ အမျိုးသားကြီးတဦးရဲ့ လက်ထဲကနေ ပိုက်ဆံတွေ လုယူပြီး ထွက်ပြေးသွားခဲ့တာကို တွေ့ရပါတယ်။ တဦးချင်း ဒါမှမဟုတ် အုပ်စုလိုက် အလစ်သုတ်ခိုးယူမှုတွေဟာ နေရာအနှံ့ ဖြစ်ပေါ်နေတာပါ။ ဒါဟာ ရီယိုဒီဂျနေးရိုးမှာ သူခိုးတွေအနေနဲ့ ဘယ်လိုရပ်တည် ရှင်သန်နေကြတယ် ဆိုတာကို ပြနေတာပါပဲ။ နေ့စဉ် အပြစ်မဲ့သူတွေဆီက အိတ်တွေ တအိတ်ပြီးတအိတ် ငွေသားတွေကို အဓိကထားကာ ပြစ်မှုကျူးလွန်နေကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ခုလိုအချိန်ဟာ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ အမြင့်မားဆုံးအချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ တခါတလေ ဆိုင်ကယ်စီးရင်း၊ တခါတလေ အပြေးအလွှား၊ တခါတလေ တိုက်ခိုက်ပြီးတော့ လုယက်မှုတွေ ကျူးလွန်လိုက်ကြတာပါ။ အထူးသဖြင့် နားကြပ်၊ ငွေသား၊ အိတ်၊ ကျောပိုးအိတ်၊ အိုင်ဖုန်းနဲ့ တန်ဖိုးကြီး ရတနာတွေကို ကာကွယ်မထားတဲ့ အချိန်တွေမှာ လုယက်မှုတွေ ဖြစ်ပေါ်တာပါ။ လက်ရှိမှာတော့ ခုလို ရုပ်သံဗွီဒီယိုဖိုင် ထွက်လာတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ သြစတြေးလျ အိုလံပစ်အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရသူ မိုက်ခ်တန်ခရက်ဒ်က “(ရီယို) အိုလံပစ်ကော်မတီအနေနဲ့ ခုလိုကိစ္စတွေအတွက် လုံခြုံရေးဆိုင်ရာ စစ်ဆေးရေးဂိတ်တွေကို ပိုပြီး အလေးထား လုပ်ဆောင်ဖို့ လိုအပ်နေပြီ” လို့ ဒေးလီးတယ်လီဂရပ်ဖ် သတင်းနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။ “ပြိုင်ပွဲကို တာဝန်ယူ လက်ခံကျင်းပတဲ့ နိုင်ငံအနေနဲ့ လာရောက်ယှဉ်ပြိုင်နေကြတဲ့ အားကစားသမား ၁၀,၅၀၀ ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။” ရီယိုဒီဂျနေးရိုးဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တော်တွေထဲမှာ တခုအပါအ၀င်ဖြစ်ပြီး လက်ရှိမှာတော့ လာရောက်လည်ပတ် ကြည့်ရှုကြသူတွေရဲ့ လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၈၅,၀၀၀ တာဝန်ချထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up