ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူ ခေါ်
ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူဖို့ မန်ယူအသင်းကို သြဂုတ် ၈ ရက်က ရောက်ရှိလာပါတယ်။
မန်ယူက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းပေးပြီး ခေါ်ယူထားတာပါ။
ပေါ့ဘာရဲ့ ခြေစွမ်းပြမှုအပေါ် မူတည်ပြီး မန်ယူက ယူရို ၁၀၅ သန်းအထိ ဂျူဗင်တပ်အသင်းကို ပေးချေရမှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ယူကစားသမားဟောင်း တဦးဖြစ်ပြီး ၂၀၁၂ မှာ ပေါင် ၁ သန်းခွဲနဲ့ ဂျူဗင်တပ်ကို ရောက်ရှိခဲ့တာပါ။
အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက်တွေရဖို့ မန်ယူအသင်းနဲ့ ပေါ့ဘာတို့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
သူဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်အောင် ကူညီထားပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ၄ နှစ်ဆက်တိုက် ရယူထားပါတယ်။