၂၁ ရာစုပင်လုံညီလာခံ သြဂုတ် ၃၁ ရက်နေ့ စမည်
DVB
·
August 8, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ် ၃၁ ရက် နေ့မှာ စတင် ကျင်းပသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။
ဒီကနေ့ မနက် နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် အစိုးရပိုင်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဝင်တွေနဲ့ လုပ်ငန်းကော်မတီဝင်တွေတက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။