A d v e r t i s e m e n t With Us

ဝေဖန်ခံနေရသည့် ထိုင်းစားသောက်ဆိုင်မှ ဦးခေါင်းပြား ငါးမန်းနီဟင်းလျာ

ဓာတ်ပုံ - Sunshine Sketcher Facebook
ထိုင်းနိုင်ငံက စားသောက်ဆိုင်တဆိုင်မှာ ရှားပါး ဦးခေါင်းပြား ငါးမန်းနီဟင်းလျာ ရောင်းချနေတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှတဆင့် ပျံ့နှံ့ခဲ့ပြီးနောက် လူပြောများ ဝေဖန်မှုတွေ မြင့်တက်လာနေတယ်လို့ ထိုင်းအခြေစိုက် ဖူးခက်နယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဟင်းလျာကို ဖူးခက်ကမ်းခြေတောင်ပိုင်း ခိုလန်တာကျွန်းပေါ်မှ Try Me အမည်ရတဲ့ စားသောက်ဆိုင်တဆိုင်မှာ ရောင်းချနေတာဖြစ်ပြီး Sunshine Sketcher အမည်နဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။ ဟင်းလျာဓာတ်ပုံနဲ့အတူ “ဒါဟာ ဦးခေါင်းပြား ငါးမန်းနီပေါက်စတကောင်ရဲ့ နောက်ဆုံးလားရာပါပဲ။ ဒီပုံကို Try Me စားသောက်ဆိုင်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ငါးမန်းပေါက်ဟင်းလျာ ၃ ပွဲနဲ့အတူ ရိုက်ကူးခဲ့တာပါ” လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ အဆိုပါဒေသတွင်းမှာ ဖမ်းဆီးပြီး စားသောက်ဆိုင်တွေကို ရောင်းချနေတဲ့ ငါးဖမ်းသမားတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသတွင်း လာရောက်လည်ပတ်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဒီဟင်းလျာက အဓိက ဆွဲဆောင်နေပြီး ဝေဖန်မှုတွေလည်း မြင့်တက်လာနေခဲ့တာပါ။ အဏ္ဏ၀ါဗေဒဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါက်တာ သွန်သမ်ရွန်န၀ါဆ၀ပ်က “ခိုလန်တာကျွန်းဟာ လှပတဲ့ သဘာဝပတ်ဝန်းကျင် ရှုခင်းတွေကြောင့် လာရောက်လည်ပတ်သူတွေကြား ကျော်ကြားနေတာပါ။ ခုချိန်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စားသောက်ဆိုင်စာရင်းထဲက ဦးခေါင်းပြား ငါးမန်းနီဟင်းလျာကို ရပ်တန့်နိုင်ဖို့ လိုနေပြီ” လို့ ပြောပါတယ်။ “ငါးမန်းတွေကို စားသောက်တာတွေအတွက် ထောက်ခံမှုတွေ မလုပ်ကြပါနဲ့။ ငါးမန်းတွေဟာ ခင်ဗျားတို့ ပန်းကန်ထဲမှာ ရှိနေတာထက် ရေထဲမှာရှိနေတာက ပိုတန်ဖိုးရှိလို့ပါပဲ” ကမ္ဘာ့မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ အိုင်ယူစီအန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးခေါင်းပြား ငါးမန်းနီမျိုးစိတ်တွေဟာ ၁၀ နှစ်တာ ကာလအတွင်း ၉၅ ရာခိုင်နှုန်ထိ ကျဆင်းလာခဲ့တဲ့အတွက် အနီရောင်အဆင့်လို့ သတ်မှတ်ထားတာပါ။ ဒေါက်တာ သွန်သမ်ရွန်န၀ါဆ၀ပ်ကတော့ ဒီပုံနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ခုလိုရေးခဲ့တာပါ။ “ကျနော် အမျိုးသား သဘာဝရင်းမြစ်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ကာဆမ်ဆန် ချင်နာဗာဆာနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီ ဦးခေါင်းပြား ငါးမန်းနီမျိုးစိတ်တွေဟာ မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ အဆင့်မှာ ရှိနေတယ်လို့ အတည်ပြုထားပါတယ်။ လက်ရှိမှာတော့ သတင်းအချက်အလက်တွေ စုဆောင်းနေတုန်းပါပဲ။ ဖီဖီကျွန်းမှာတောင် ခုလို ရောင်းချနေတာတွေကို ရပ်နိုင်သေးရင် ခိုလန်တာမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။”

A d v e r t i s e m e n t With Us

More News
Up