၂၁ ရာစု ပင်လုံညီလာခံအတွက် ကြံ့ခိုင်ရေးပါတီဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 8, 2016
၂၁ ရာစု ပင်လုံညီလာခံမှာ သဘောထား ထုတ်ပြန်နိုင်ဖိုအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ပါတီ ဌာနချုပ်မှာ ဒီကနေ့ ဩဂုတ် ၈ ရက်မနက်မှာ ကျင်းပပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က "ဒီကနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကနေ နိုင်ငံတော် အစိုးရအနေနဲ့ မကြာမီမှာပြုလုပ်ကျင်းပတော့မယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကျနော်တို့ပါတီက ဆောင်ရွက်ချက်များ သဘောထားရပ်တည်ချက်တွေကို ဖော်ထုတ်ကြေညာနိုင်ဖို့အတွက် ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သမိုင်းကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေးကိစ္စတွေကိုလည်း ပြောသွားပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ယခင်သူ့အစိုးရသက်တမ်းအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ) လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ၄ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပါတီရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပြည်နယ်နဲ့ တိုင်းတွေက ပါတီဝင်တွေ၊ လွှတ်တော်အသီးသီးက ပါတီကိုယ်စားလှယ်တွေနဲ့ ပါတီက ဖွဲ့စည်းထားတဲ့ ကော်မတီတွေအပါအ၀င် ၁၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးပါတီညီလာခံကို ဩဂုတ်လ တတိယပတ်ထဲမှာပြုလုပ်ဖို့ရှိပြီး အဲ့ဒီ ညီလာခံမှာ ပါတီရဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် မူဝါဒ လုပ်ငန်းစဉ်တွေကို အတည်ပြုချမှတ်နိုင်ဖို့အတွက် ဆွေးနွေးမယ်လို့ လည်းသိရပါတယ်။