ကျောင်းသားများကို မူးယစ်ဆေးရောင်းသူများ ဖမ်းဆီးခံရ
DVB
·
August 8, 2016
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ အောင်သုခရပ်ကွက် ကမ်းသာယာလမ်းနေ ဦး မောင်ညွန့် (အသက် ၅၂ နှစ်) ထံက WY အမျိုးအစား စိတ်ကြွဆေးပြား တစ်ပြား ဖမ်းဆီးရမိခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အထက ၁ ကျောင်းက ၉ တန်းကျောင်းသားတွေကို မူးယစ်ဆေးဝါးရောင်းတယ်လို့ သတင်းအရ စောင့်ကြည့်ခဲ့ပြီးနောက် အသက် ၂၀ ခန့်အရွယ် ကိုချစ်ချစ် ဆိုသူနဲ့ ဦးမောင်ညွန့်တို့အိမ်တွေကို မနေ့ နေ့ခင်းက ရှာဖွေခဲ့တာဖြစ်တယ်လို့ နယ်ထိန်း ဒုရဲအုပ်အောင်ဇော်မင်းထွန်းက ပြောပါတယ်။
ကိုချစ်ချစ်က တိမ်းရှောင်နေပြီး သူ့အိမ်တွင်းကလည်း မူးယစ်ဆေးဝါး တစုံတရာ မတွေ့ရှိဘဲ ဦး မောင်ညွန့်အိမ်ကို ဆက်ရှာကြတာလို့ သူက ပြောပါတယ်။
ဒုရဲအုပ်အောင်ဇော် မင်းထွန်းက “ကျနော်တို့ (ဦးမောင်ညွန့်အိမ်ကို) မရှာခင်မှာ ကလေး (ကျောင်းသား) ၃ ယောက် ရောက်လာပြီးဆေးက ၀ယ်သွားတယ်။ အဲဒီတော့ သူ့ဆီမှာကျန်တာ ဆေးက ၁ ပြားလေးပဲ ကျန်တယ်။ ကျနော်တို့က ထပ်မေးတဲ့အခါမှာ ဒီဆေးပြားတွေကို ချစ်ချစ်က ရောင်း ခိုင်း တာပေါ့တဲ့” လို့ ပြောပါတယ်။
အထက ၁ က ကိုးတန်းကျောင်းသားငယ်တချို့ မူးယစ်ဆေးဝါးသုံးစွဲပြီး မူမမှန်ဖြစ်နေတာကို ဆရာ၊ ဆရာမတွေ ရိပ်မိပြီး ရဲထံအကြောင်းကြားပြီး ရောင်းချသူတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။
ဦးမောင်ညွန့်ထံကနေ သူစားတဲ့ ဘိန်းစာမှုန့် တထုတ်နဲ့ ကျပ်ငွေ ၇၀၀၀ ကို သိမ်းဆည်းရမိ တယ်လို့ဆိုပါတယ်။
ဦးမောင်ညွန့်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေး ယူဆောင်ရွက်နေပါတယ်။