တရုတ်စစ်သင်္ချိုင်းဆောက်ရန် တရုတ်အစိုးရတာဝန်ရှိသူများ လာရောက်ဆွေးနွေး
DVB
·
August 8, 2016
ဒုတိယကမ္ဘာစစ်အတွင်းက ကချင်ပြည်နယ်မှာ ကျဆုံးခဲ့တဲ့ တရုတ်မဟာမိတ် စစ်သည်တွေ အတွက် ဂူသင်္ချိုင်းဆောက်လုပ်ဖို့ တရုတ်အစိုးရတာဝန်ရှိသူတွေ လာရောက် ဆွေးနွေးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် အပါဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ် လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် မစ္စတာလီကွီဂူအန် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မြစ်ကြီးနားမြို့မှာ တရုတ်မဟာမိတ်ကျဆုံးစစ်သည်တွေရဲ့ ဂူသင်္ချိုင်းသုံးနေရာရှိပြီး အခုအချိန်မှာတော့ ဒီနေရာတွေဟာ ပျက်စီးနေပြီဖြစ်လို့ ပြန်လည်ပြုပြင်ပြီး သားစဉ်မြေးဆက် ဂါရဝပြု နိုင်ရေးအတွက်ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ဖျားဒေသမှာ တရုတ်နိုင်ငံ မဟာမိတ်စစ်သည် ၄ သိန်းကျော် ကျဆုံးခဲ့ပြီး ကချင်ပြည်နယ်အတွင်းမှာတော့ တရုတ်စစ်သည် ၇ ထောင်နီးပါး ကျဆုံးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။