လေကြောင်းမှပစ်ခတ်ခံရသည့် ဆီးရီးယားဆေးရုံတွင် ကယ်ဆယ်ရေးလုပ်သည့်ရုပ်သံ ထွက်ပေါ်

1.3K
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ သူပုန်တွေ ထိန်းချုပ်တဲ့ မြို့တမြို့ရဲ့ ဆေးရုံကို လေကြောင်းက ပစ်ခတ်ခံရပြီး ကယ်ဆယ်ရေးလုပ်နေပုံတွေ အင်တာနက် လူမှုကွန်ရက်မှာ တက်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာ တွေ့မြင်ရပါတယ်။
ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ အစ်ဒလစ် (Idlib) ပြည်နယ်ထဲက မြို့တမြို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး လူမှုအဖွဲ့တွေက အဆောက်အဦပျက်အောက်က လူတဦးကို ဆွဲထုတ်ခဲ့ကြပါတယ်။
ဒီရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
သြဂုတ် ၆ ရက်ကလည်း ဒီမြို့ကပဲ ဆေးရုံတရုံ တိုက်ခိုက်ခံရပြီး ကလေးတွေ အပါအ၀င် လူ ၁၀ ဦး သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီဒေသမှာ ရုရှားလေတပ်နဲ့ ဆီးရီးယားလေတပ်တို့ အမြဲဗုံးကြဲနေတာဖြစ်ပြီး ဘယ်လေတပ်က ပစ်ခတ်တိုက်ခိုက်တယ် ဆိုတာတော့ အသေအချာ မသိရဘူးလို့လည်း ပြောဆိုပါတယ်။
ဆေးရုံဆေးခန်းတွေကို အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ လူသားချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေက အကြိမ်ကြိမ် တောင်းဆိုနေကြတာပါ။
ဆီးရီးယားနဲ့ ရုရှားလေတပ်ဟာ အခုလို ကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေကို တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ဆီးရီးယား အတိုက်အခံ သူပုန်တပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဟာ ၅ နှစ် ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲအတွင်း ဆေးရုံဆေးခန်းတွေ အများဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့လလို့ ဆီးရီးယား-အမေရိကန် ကျန်းမာရေး လူမှုအထောက်အကူပြုအဖွဲ့က ပြောပါတယ်။