အိုလံပစ်ပြိုင်ပွဲတွင် မြေးဖြစ်သူ ယှဉ်ပြိုင်နေပုံကြည့်ရင်း အဖွား သေဆုံး

ဆင်ဖက်ခရေသောင်။ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံသား အလေးမချန်ပီယံ ဆင်ဖက်ခရေသောင်ရဲ့ အဖွားဖြစ်သူဟာ သူ့ရဲ့ ပြိုင်ပွဲရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေချိန်မှာ လဲကျပြီး ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဆင်ဖက်ဟာ လက်ရှိကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ဒေသခံပရိသတ်ပေါင်းများစွာ ပါဝင်တဲ့ လူအုပ်စုကြီးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချန်ဖွန်ဘူရီခရိုင်၊ ဘန်ဖွန်မောင်ဒေသမှ သူ့ရဲ့အိမ်ရှေ့ကို အားပေးဖို့ စုရုံး ရောက်ရှိလာခဲ့ကြချိန်မှာ အိမ်ထဲမှာ ဆင်ဖက်ရဲ့ ဖခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် သွန်ဒန်ခရေသောင်၊ မိခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ချန်ခရေသောင်နဲ့ အဖွားဖြစ်သူ အသက် ၈၂ နှစ်အရွယ် ဆူဘင်ခေါင်သက်တို့ဟာ အတူတကွ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးယိုးမြို့ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ၅၆ ကီလိုတန်း အလေးမပြိုင်ပွဲမှာ မြေးဖြစ်သူ ယှဉ်ပြိုင်နေခဲ့တာကို ကြည့်ရှုရင်း စိတ်လှုပ်ရှားကာ လဲကျသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူ့ကို ချန်ဖွန်ဘူရီခရိုင်ဆေးရုံကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြပြီး ဆေးရုံရောက်လို့ ၁ နာရီအကြာမှာတော့ သေဆုံးသွားခဲ့ပြီလို့ ကြေညာလိုက်တာပါ။ သူဟာ မြေးဖြစ်သူ ဆုရရှိတာကိုတောင် မမြင်ခဲ့လိုက်ရဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဆင်ဖက်ရဲ့ မိခင်ဖြစ်သူ ချန်ကတော့ အခုလို သူမရဲ့မိခင် သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းပူဆွေးရတာနဲ့ တပြိုင်နက်တည်းမှာပဲ သားဖြစ်သူရရှိခဲ့တဲ့ ဆုတံဆိပ်အတွက် ၀မ်းသာခဲ့ရတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up