ရှစ်လေးလုံးအရေးတော်ပုံ ၂၈ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတ၀န်းကျင်းပ
နော်နိုရင်း
·
August 8, 2016
တပါတီ အာဏာရှင်စနစ်ကို တနိုင်ငံလုံးအုံကြွဆနပြခဲ့ကြတဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြသူတွေ အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက် ၈ နာရီ ၈မိနစ်က ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဂုဏ်ပြုပန်းခွေချပွဲ ကျင်းပပါတယ်။
ရှစ်လေးလုံးအောက်မေ့ဖွယ်အခမ်းအနားတွေကို ဒီကနေ့ ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာ နိုင်ငံတ၀န်းမှာကျင်းနေပြီး ဦးမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းကတော့ သင်္ကန်းကျွန်း ကျိုက္ကစံ ဓမ္မပိယသာသနာ့ ရိပ်သာမှာ အမှတ်တရ အခမ်းအနားကျင်းပပါတယ်။
ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ပြည်ပကနေ မြန်မာပြည်ခေတ္တပြန်ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသက်ထွန်းတို့က ၈၈ အရေးအခင်း အမှတ်တရ စကားတွေ ပြောကြားခဲ့ကြပြီး တက်ရောက်လာသူတွေက အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေကို အလေးပြုခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စမ်းချောင်းမြို့နယ်မှာ အရေးတော်ပုံအထိမ်းအမှတ် အခမ်းအနားကျင်းပရာမှာ ကျဆုံးသွားခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီတဲ့ အစီစဉ်ပြုလုပ်ခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။
“ဒီစမ်းချောင်းမြို့နယ်မှာ ထူးခြားတာကတော့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စမ်းချောင်းမြို့နယ်မှာ ၈၈ တုန်းက ကျဆုံးသွားတဲ့ ကျန်ရစ်သူမိသားစုတွေကို တတ်နိုင် သမျှ သူတို့ ငွေကြေးထောက်ပံ့ကူညီတာတွေ လုပ်ကြတယ်။ ဒါက အင်မတန်ကောင်းတဲ့ကိစ္စ တခုပဲ။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဒီတိုင်းလုပ်ကြလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်က တော့ နိုင်ငံရဲ့ မြို့နယ်တော်တော်များများမှာ ကျင်းပနိုင်တယ်လို့ ပြောလို့ရမှာပေါ့။”
မန္တလေးမြို့မှာတော့ ရှစ်လေးလုံး အရေးတော်ပုံ ၂၈ နှစ်မြောက် အောက်မေ့ဖွယ်နေ့ကို မန္တလေး တက္ကသိုလ်က ဗကသကျောင်းသားတွေနဲ့ ရတနာပုံတက္ကသိုလ်က ဗကသကျောင်း သူကျောင်းသားတွေက မန္တလေးမြို့ ၃၃ လမ်း ၈၄ လမ်းထောင့်မှာ သံဃာတော်တွေကို ဆွမ်းလောင်းဂုဏ်ပြု ခဲ့ကြပါတယ်။
ပဲခူးတိုင်း ကညွှတ်ကွင်းမြို့မှာလည်း ရှစ်လေးလုံးအောက်မေ့ဖွယ်အခမ်းအနားနဲ့ အရေးတော်ပုံ မှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူအပေါင်းတို့ကို အမျှဝေဆုတောင်းပွဲကို အောင်တော်မူခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။