သားဖြစ်သူ သေဆုံးခဲ့ရသည့် သွေးပျက်ဖွယ် ဆိုင်ကယ်မတော်တဆမှု ရုပ်သံကို မိခင်ထုတ်လွှင့်

ဆိုင်ကယ်သမားတဦးဟာ လမ်းမပေါ် တခြားကားတစီးနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ချိန်မှာ မီးတောက်မီးလျှံတွေနဲ့အတူ ပေါက်ကွဲပြီး ဆိုင်ကယ်သမား သေဆုံးသွားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ သွေးပျက်ထိတ်လန့်စရာပါ။
ဒီအဖြစ်အပျက်ဟာ Isle of Man ကျွန်းနိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် လူးဝစ္စကလာ့ခ်လို့ အမည်ရတဲ့ လူငယ်တဦးဖြစ်တယ်လို့ Raw leak သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
သေဆုံးသူရဲ့ မိခင်ဖြစ်သူ ဘီဗာလေရဲ့ ခွင့်ပြုချက်အရ လမ်းမပေါ်မှ ယာဉ်တိုက်မှုအန္တရာယ်အတွက် ရှောင်ရှားနိုင်စေဖို့ သတိပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တာပါ။
လူးဝစ္စကလာ့ခ်ဟာ တောင်ကြားအဝေးပြေးလမ်းမပေါ်မှာ ဆိုင်ကယ်ကို တခြားသူတွေနဲ့အတူ မောင်းနှင်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ သွားရာလမ်းကြောင်းဆီကို တခြားဆိုင်ကယ်တွေက ဖြတ်ကျော်မောင်းနှင်လာခဲ့တာပါ။
သူက ရုတ်တရက် အချက်မပြဘဲ အဆိုပါဆိုင်ကယ်တွေကို ဖြတ်ကျော်ခဲ့ချိန်မှာ လမ်းတဘက်မှ မောင်းနှင်လာတဲ့ကားနဲ့ ပြင်းပြင်းထန်ထန် တိုက်မိခဲ့ပြီး မီးတောက်မီးလျှံတွေနဲ့အတူ ပေါက်ကွဲသွားခဲ့တာကို တွေ့ရပါတယ်။
လူးဝစ္စရဲ့ နောက်ဆုံးအချိန် မှတ်တမ်းကို ယာဉ်ပေါ်ပါ ကင်မရာမှတဆင့် မှတ်တမ်းတင်နိုင်ခဲ့တာပါ။
ဒီမတော်တဆမှုမှာ လူးဝစ္စနဲ့အတူ သေဆုံးခဲ့ကြသူ တခြားဆိုင်ကယ်မောင်းသူတွေရဲ့ မိသားစုဝင်တွေဟာလည်း ခုလို ယာဉ်အန္တရာယ် သတိပေးမှု ရုပ်သံထုတ်လွှင့်မှုအပေါ် သဘောတူညီခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဘီဗာလေက ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ “လမ်းမပေါ် ယာဉ်မောင်းနှင်ချိန်မှာ ကျေးဇူးပြုပြီး စစ်ဆေးပါ၊ ၂ ကြိမ်စစ်ဆေးပါ။ မစွန့်စားပါနဲ့” လို့ သတိပေးလိုက်ပြီး သေဆုံးသွားခဲ့တဲ့ သားဖြစ်သူကို သတိရနေတယ်လို့ ပြောလိုက်ပါတယ်။