မက္ကဆီကိုတွင် အပူပိုင်းမုန်တိုင်း တိုက်ခတ်ပြီး မြေပြို၊ အနည်းဆုံး ၃၈ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ သြဂုတ် ၇ ရက်န့က အပူပိုင်းမုန်တိုင်း “အားလ်” ၀င်ရောက်တိုက်ခတ်မှု နောက်ဆက်တွဲအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံအလယ်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ ပျူဘလာပြည်နယ်မှာ စုစုပေါင်း လူဦးရေ ၂၈ ဦး သေဆုံးပြီး ၁၅ ဦးလောက်ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
တခြား ၁၀ ဦးကတော့ နိုင်ငံအရှေ့ပိုင်းပြည်နယ် ဗီယာခရုဇ်ဒေသမှာ အလားတူ မြေပြိုမှုတွေကြောင့် သေဆုံးခဲ့ကြတာပါ။
ပျူဘလာပြည်နယ်တွင်းမှာတော့ အဝေးပြေးလမ်းမတွေပါ ပိတ်ထားခဲ့ရပြီး တံတား ၂ စင်း ကျိုးကျခဲ့ကာ မြို့အများအပြားမှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားခဲ့တာပါ။
လူပေါင်း ၂၀၀ လောက် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အစိုးရက ကယ်ဆယ်ရေးစခန်း ၈ ခုကို ဖွင့်ထားခဲ့ရတယ်လို့ အန်ဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
တပြိုင်တည်းမှာပဲ အင်အားပြင်းမုန်တိုင်းတခုဖြစ်တဲ့ ဂျာဗီယာဟာ မက္ကဆီကို ကမ်းရိုးတန်းဆီ ဦးတည်နေတယ်လို့ မီယာမီအခြေစိုက် အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်လေ့လာရေးစင်တာက ဆိုပါတယ်။