ကလေးမြို့တွင် သဘာဝဘေးကယ်ဆယ်ရေးသင်တန်း ပြုလုပ်
DVB
·
August 7, 2016
သြဂုတ် ၄ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာ အုပ်စု သဘာဝဘေးကယ်ဆယ်ရေးသင်တန်းကို တင်သားကျေးရွာအနီး ဒိုးနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးသင်တန်းမှာ ခရိုင်မီးသတ်တပ်ဖွဲ့ ကြက်ခြေနီနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနကနေ သင်တန်းပေးတာပါ။
“တကယ်လို့ သဘာဝဘေးအန္တရာယ်ကြုံလာမယ်ဆို အစိုးရဝန်ထမ်းအားတွေ အင်အားနည်းနေတာကြောင့် ကယ်ဆယ်ရေးတွေမှာ အခက်အခဲဖြစ်တဲ့အတွက် ဒီလိုသင်တန်းတွေ စနစ်တကျပေးထားတဲ့ ပြည်သူတွေအနေနဲ့ အစိုးရကို တဖက်တလမ်းက အင်အားဖြည့် ကူညီနိုင်မှာပဲ ဖြစ်ပါတယ်။ အကူအညီဖြစ်စေမှာပါ” လို့ ခရိုင်မီးသတ်တပ်ဖွဲဦးစီး အရာရှိ အောင်ကိုဌေးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းကို ၄ ရက် ပြုလုပ်ခဲ့ပြီး သင်တန်းမှာ အရေးပေါ်အသက်ကယ်နည်း၊ ရှေးဦးသူနာပြုနည်း၊ လူကယ်တဲ့နေရာ သယ်ဖို့ ကြိုးချည်နည်း/ကူးနည်း၊ ရေပြင်အသက်ကယ်နည်းနဲ့ စီမံခန့်ခွဲရေးနည်း ပညာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ကလေးတောင်ပိုင်း တင်သားအုပ်စု ကျေးရွာတွေအနေနဲ့ မြစ်သာမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်ပြီး နန်းကသည်းချောင်းနဲ့ မြစ်သာမြစ်ရေကြောင့် မိုးရာသီမှာ ရေပတ်လည်ဝိုင်းတတ်တဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။
သင်တန်းကို လူဦးရေ ၃၀ သတ်မှတ်ထားပေမယ့် စိတ်ဝင်စားသူများခဲ့တာကြောင့် သတ်မှတ်ဦးရေထက် ပိုမို သင်ကြားပေးခဲ့ပြီး အမျိုးသားများသာမက အမျိုးသမီးများပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်