ထိုင်းစစ်တပ်နောက်ခံတဲ့ အခြေခံဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ ထိုင်းအခြေခံဥပဒေကြမ်းကို ဒီနေ့မနက်ကစပြီး နိုင်ငံတ၀န်းမှာ လူထုဆန္ဒခံယူပွဲတွေ ကျင်းပနေကြပါတယ်။
ထိုင်းနိုင်ငံမှာ အတောမသစ်နိုင်တဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့အပြီး ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီး အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တာပါ။
ဒီကြားကာလမှာ အခြေခံဥပဒေကြမ်းကို ရွေးဆွဲခဲ့ပြီး လူထုက လက်ခံရင် ၂၀၁၇ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲတွေကျင်းပပြီး ဒီမိုကရေစီလမ်းကို ပြန်သွားမယ်လို့ ထိုင်းစစ်တပ်ကပြောဆိုထားပါတယ်။

ဒါပေမယ့် ထိုင်းစစ်တပ်ကရေးဆွဲက အခြေခံဥပဒေကို လက်မခံသူတွေကတော့ လူထုကို မဲဆွယ်စည်းရုံးခွင့်တွေမပေးပဲ လူထုဆန္ဒခံယူတာဟာ တရားမျှတမှုမရှိဘူးလို့ပြောဆိုကြပါတယ်။
ထိုင်းစစ်တပ်ကတော့ လူထုဆန္ဒခံယူပွဲဥပဒေအရ ဒီအခြေခံဥပဒေကြမ်းကို ကပျက်ကချော်လုပ်၊ ပြစ်တင်ဝေဖန်သူ ဘယ်သူ့မဆို ဖမ်းဆီးအရေးယူခံနိုင်တယ်လို့ပြောဆိုပါတယ်။
ဒီလူထုဆန္ဒခံယူပွဲမှာ ထိုင်းနိုင်ငံသား သန်း ၅၀ မဲပေးခွင့်ရှိပေမယ့် အများစုက ပါဝင်မဲပေးမှုမရှိဘူးလို့ ဆိုပါတယ်။
လောလောဆယ်တော့ ထောက်ခံသူတွေဘက်က နည်းနည်းအသာစီးရနေပြီး ည ၈ နာရီကျရင် ကနဦးရလဒ်တွေကို ကြေညာပေးမယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ချန်အိုချာကတော့ ဒီအခြေခံဥပဒေကြမ်းကို လူထုက မထောက်ခံရင် သူမထွက်ဘူး။ မဲရလဒ် ဘယ်လိုပဲထွက်ထွက် လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြောဆိုထားပါတယ်။