တရုတ်သင်္ဘောအစီး ၂၃၀ ဖြတ်သန်း မောင်းနှင်ခဲ့မှု ဂျပန်ကန့်ကွက်

အရှေ့တရုတ်ပင်လယ်အတွင်း ဂျပန်က ထိန်းချုပ်ထားတဲ့ ကျွန်းတွေအနားကို တရုတ်သင်္ဘောအစီး ၂၃၀ ဖြတ်သန်း မောင်းနှင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံကို ဂျပန်နိုင်ငံက သြဂုတ် ၆ ရက်နေ့က ကန့်ကွက်လိုက်ပါတယ်။
တရုတ်ငါးဖမ်းသင်္ဘောတွေ နဲ့ တရုတ်ကမ်းခြေစောင့်စစ်သင်္ဘောတွေပါဝင်ပြီး သင်္ဘော ၃ စင်းက လက်နက်တွေတပ်ဆင်ထားတယ်လို့ ယုံကြည်ရကြောင်း ဂျပန်နိုင်ငံကပြောဆိုပါတယ်။
အဲ့ဒီကိစ္စအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုကျိုမြို့တော်က တရုတ်သံရုံး သံအမတ်ကို ခေါ်ယူတွေ့ဆုံပြီး ကန့်ကွက်ခဲ့ပါတယ်။
သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းသွားတဲ့ Senkaku ကျွန်းတွေကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံကလည်း သူတို့အပိုင်ဖြစ်တယ်လို့ ကြေညာနေတာပါ။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံပိုင်ကျွန်းတွေမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ ရေပြင်ကင်းထောက်စစ်ရေးလေ့ကျင့်မှုတွေ ပြီးစီးပြီဆိုပြီး တရုတ်နိုင်ငံပိုင်မီဒီယာတွေက သြဂုတ် ၆ ရက်နေ့မှာ ကြေညာပါတယ်။
တောင်တရုတ်ပင်လယ်မှာလည်း တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံတွေ ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားမှုတွေဖြစ်နေပါတယ်။
တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားမှုကို ပြီးခဲ့တဲ့တလက နယ်သာလန်နိုင်ငံ၊ နိုင်ငံတကာတရားရုံးတရုံးက ပယ်ချခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း အဲ့ဒီနိုင်ငံတကာတရားရုံးဆုံးဖြတ်ချက်ကို ပြန်ပြီး ပယ်ချထားပါတယ်။