အိန္ဒိယ ဈေးထဲ စစ်ဝတ်စုံဝတ်သနတ်သမားများ ၀င်ပစ်၊ ၁၃ ဦး သေဆုံး (ရုပ်သံ)

1.4K
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က လူစည်ကားတဲ့ ဈေးထဲမှာ စစ်ဝတ်စုံဝတ် သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သြဂုတ် ၅ ရက်နေ့က လူအနည်းဆုံး ၁၃ ဦး သေဆုံးပါတယ်။
အာဏာပိုင်တွေက ဒေသခံ ခွဲထွက်ရေး အုပ်စုတွေကို အပြစ်တင်ပါတယ်။ ကို့ကရာချာ မြို့စွန်က တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးလောက်လည်း ဒဏ်ရာရပါတယ်။
တိုက်ခိုက်သူတွေဟာ ၃ ဘီးဆိုင်ကယ်နဲ့ ရောက်လာတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
တိုက်ခိုက်သူ ၁ ဦးကို ရဲကအသေပစ်သတ်ခဲ့ပြီး ကျန်တဲ့လူ သုံးလေးယောက်လောက် တောထဲ ဝင်ပြေးသွားခဲ့လို့ လုံခြုံရေးတပ်တွေက တောနင်း ရှာနေတယ်လို့ အာသံ ရဲချုပ် မူကဲ့ရှ် စာဟေက သတင်းထောက်တွေကို ပြောပါတယ်။
ဘိုဒိုတိုင်းရင်းသားတွေရဲ့ ဇာတိမြေကို ခွဲထွက်နိုင်ရေး တိုက်ပွဲဝင်နေတဲ့ စစ်သွေးကြွ အမျိုးသား ဒီမိုကရက်တစ် ဘိုဒိုလန်းတပ်ဦး အုပ်စုက တိုက်ခိုက်တာလို့ သူက စွပ်စွဲပါတယ်။
တိုက်ခိုက်သူတွေရဲ့ ၃ ဘီးဆိုင်ကယ်နဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ သေဆုံး သေနတ်သမားဆီက အေကေ 47 ရိုင်ဖယ်တလက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ သိမ်းယူ ရရှိတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် လျော်ကြေးပေးမယ်လို့ အာသံပြည်နယ် အကြီးအကဲက ကြေညာပါတယ်။
ဒါဟာ အာသံပြည်နယ်မှာ လတ်တလော နှစ်တွေအတွင်း လူသေအများဆုံး တိုက်ခိုက်မှုတွေထဲက တခုပါ။
အာသံပြည်နယ်ဟာ လူမျိုးရေး နဲ့ ခွဲထွက်ရေး သွေးချောင်းစီးမှု သမိုင်းတွေ ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူ လုပ်တယ်ဆိုတဲ့ တာဝန်ခံမှုတော့ မရှိသေးပါဘူး။