Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၂ ဖွဲ့ကို စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ပြော
DVB
·
August 6, 2016
ထိုင်းနိုင်ငံ နာမည်ပျက်အောင် ပြောဆိုလုပ်ကိုင်တယ်ဆိုပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့ ၂ ဖွဲ့ကို စစ်ဆေးမေးမြန်းတော့မှာ ဖြစ်ပါတယ်။ သြဂုတ် ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းအလုပ်သမားဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ဖရုံမနီ-က “ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ခွင့်မရှိတဲ့ ဈေးရောင်းသူများကိုသာ ဖမ်းဆီးတာ ရှိတယ်။ ဖမ်းတာလည်း ရာဂဏန်းလောက်ပဲရှိပြီး သောင်းနဲ့ ချီ ဖမ်းတယ်ဆိုတာလည်း မဟုတ်ဘူး၊ ဘန်ကောက်နားက မြန်မာအလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့ ၂ ဖွဲ့ဟာ ထိုင်းနိုင်ငံ နာမည်ပျက်အောင် မြန်မာပြည်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တမင်စွပ်စွဲ ပြောဆိုခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်လာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေလည်း အဆင်ပြေကြတယ်၊ မြန်မာအလုပ်သမားတွေလည်း ထိတ်လန့်နေစရာ မလိုဘူးလို့လည်း ထိုင်းဝန်ကြီးက ပြောပါတယ်။ ထိုင်ဝန်ကြီးပြောဆိုရှင်းလင်းခဲ့တဲ့ မြန်မာအလုပ်သမားအဖွဲ့တွေက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT နဲ့  မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (အေအေစီ) တို့ ဖြစ်ပါတယ်။ အေအေစီအဖွဲ့က ကိုရဲမင်းက ရန်ကုန်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလုပ်သမားဌာနက ပြောသလို ထိုင်းနိုင်ငံနာမည်ပျက်အောင် မပြောခဲ့ဘူးလို့ ငြင်းဆိုလိုက်ပြီး လာရောက်စစ်ဆေးမေးမြန်းတာကို ရင်ဆိုင်မယ်လို့ ပြောပါတယ်။ “ကျနော်တို့ လုပ်ဆောင်ချက်တွေမှာ ထိုင်းအာဏာပိုင်တွေထဲက စီးပွားရေးနဲ့ ပတ်သက်ပြီး ထိခိုက်ရိုက်ခတ်တာတွေ ရှိတယ်၊ ပြီးတော့ နှစ်နိုင်ငံဆက်ဆံရေး ပျက်တာတို့ နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံပုံရိပ်ကို ထိခိုက်စေတယ်တို့ ဒါမျိုးလေးတွေနဲ့ သူတို့ဘက်က ယူဆ သုံးသပ်ပြီးတော့ လုပ်တယ်လို့ ထင်တယ်။” သူတို့အနေနဲ့တော့ ထိုင်းဥပဒေဘောင်ထဲကနေ မြန်မာအလုပ်သမားများကို ဆက်လက် အကူအညီပေးသွားမယ်လို့လည်း ဆိုပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးရဲ့ တောင်းဆိုချက်အရ ထိုင်းအထူး စုံစမ်းထောက်လျန်းရေးဌာနက အဲ့ဒီ နှစ်ဖွဲ့ကို စစ်ဆေးမှာဖြစ်ပြီး အခုတော့ နယ်မြေခံရဲက သူတို့ ဘယ်မှာရှိနေလဲဆိုတာ ဆက်သွယ်မေးမြန်းထားပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ မြန်မာအလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရာနဲ့ချီ ရှိနေပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လထဲ ထိုင်းလာတုန်းက အဖွဲ့တွေအနေနဲ့ မြန်မာအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာမျိုး မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အပြီးမှာ မြန်မာအလုပ်သမားတွေ ပိုပြီး အဖမ်းခံရတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့တချို့က ထုတ်ပြောခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024