A d v e r t i s e m e n t With Us

ကိုလံဘီယာအစိုးရနှင့် သူပုန်တပ်ဖွဲ့ဝင် ၉၀၀၀ ခန့် လက်နက်ဖြုတ်သိမ်းရေး သဘောတူပြီ

ကိုလံဘီယာအစိုးရနဲ့ လက်ဝဲယိမ်း ဖှားသူပုန်တွေဟာ ခန့်မှန်းခြေ ပြောက်ကျားစစ်သည် အယောက် ၉၀၀၀ လောက်ကို လက်နက်ဖြုတ်သိမ်းရေး အသေးစိတ်အချက်တွေအတွက် သြဂုတ် ၅ ရက်နေ့က သဘောတူလိုက်ကြပါတယ်။ ကုလသမဂ္ဂက ကြီးကြပ်တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းနဲ့ အချိန်ဇယား တွေကိုပါ သဘောတူလိုက်တာပါ။ ဇွန်လက သမ္မတ ဟွန်မန်နယူယယ် စန်တို့စ်ရဲ့ အစိုးရနဲ့ ဖှားသူပုန်တွေဟာ သမိုင်းဝင် သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးခဲ့ပါသေးတယ်။ အဲ့ဒီပွဲမှာတော့ ဖှားသူပုန်တွေ လက်နက် ဖြုတ်သိမ်းပြီး လူ့အဖွဲ့အစည်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ရေး အခင်းအကျင်းနဲ့ အပစ်အခတ် ရပ်စဲရေး မူချမှတ်ဖို့အပြင် အကြီးစား အရေးကိစ္စ အားလုံးကို သဘောတူခဲ့တာပါ။ လက်နက်စွန့်လွှတ်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေး အားကောင်းတဲ့ အချက်ပြ မှုအသစ် ဖြစ်တယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် နောက်ဆုံးအချက် အသက်ဝင်မှုအဖြစ် ဖှားသူပုန် တပ်ဖွဲ့ဝင်တွေဟာ သူတို့လက်နက်တွေကို ၆ လအတွင်း လွှဲပြောင်းပေးရမှာပါ။ နောက်ခြေလှမ်းကတော့ ဖှားသူပုန်တွေ လက်နက်စွန့်မယ့် နယ်မြေတွေကို ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့အတူ သတ်မှတ်မယ်လို့ ကိုလံဘီယာ အစိုးရဘက်က ညှိနှိုင်းရေး အကြီးအကဲက ပြောပါတယ်။ ဒါ့အပြင် မြေယာ ပြုပြင်ပြောင်းလဲရေး၊ မူးယစ်ကုန်ကူးမှုနဲ့ စစ်ရာဇဝတ်မှုလို အရေးကိစ္စတွေကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့တာပါ။ နှစ်ဖက်လုံးက အဆုံးသတ် အားထုတ်မှု သဘောတူပြီးရင် လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်ပြီး အတည်ပြုခဲ့ရင် နှစ် ၅၀ ကြာ ပြည်တွင်းစစ် အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဖှားသူပုန်တွေဟာ ၁၉၆၀ လယ်သမားတော်လှန်ရေးကနေ ပေါက်ဖွားလာတာပါ။ ကိုလံဘီယာ ပြည်တွင်းစစ်ကြောင့် လူအနည်းဆုံး ၂ သိန်း ၂ သောင်းလောက် သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up