တရုတ်ရထားဘူတာ မျက်နှာကြက် ရုတ်တရက် ပြိုကျ၊ ခရီးသည်များ ထွက်ပြေး (ရုပ်သံ)

1.7K
တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက မြေအောက်ရထားဘူတာရုံ မျက်နှာကြက် ဒီနေ့မွန်းလွဲပိုင်းက ရုတ်တရက် ပြိုကျခဲ့လို့ ခရီးသည်တွေ ထိတ်လန့် ချောက်ချားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို လုံခြုံရေးကင်မရာကတဆင့် ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ဖြန့်ချိလိုက်ပါတယ်။
စစ်ဖိင်လမ်းဘူတာရုံမှာ လူသွားစင်္ကြန်ပေါ်က မျက်နှာကြက် ပြိုကျလို့ လမ်းသွားလမ်းလာ ၃ ဦး ပြေးထွက်လာတာ မြင်ရပါတယ်။
မျက်နှာကြက်အပြားတွေက စက္ကန့်အတော်များများထိ ဆက်ပြီး ပြုတ်ကျနေခဲ့တာပါ။
ဒါပေမယ့် မတော်တဆမှုကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံ မြေအောက်ရထား အုပ်ချုပ်ရေးရုံးက ဆိုပါတယ်။
ရဲတွေနဲ့ ချက်ချင်းညှိနှိုင်းခဲ့တယ်၊ ပြိုကျတဲ့ဘူတာကို ပိတ်ပြီး ခရီးသည်တွေ တခြားလမ်းကနေ သွားနိုင်အောင် လမ်းညွှန်ခဲ့တယ်၊ မတော်တဆဖြစ်တဲ့ နေရာကို အကြိမ်ကြိမ် စစ်ဆေးပြီး ဘယ်သူမှ ဒဏ်ရာမရတာ သေချာအောင် လုပ်ခဲ့တယ်လို့ စစ်ဖိင်လမ်း ဘူတာရုံ မန်နေဂျာ ကျူးယောင်က ပြောပါတယ်။
လတ်တလော မိုးလေဝသ အခြေအနေတွေကလည်း မတော်တဆဖြစ်ရတဲ့ အကြောင်းထဲမှာ ပါတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဆေးအပြီးမှာ သိပ်သည်းတဲ့ စိုထိုင်းဆကြောင့် သံကွန်ယက်တွေ ပြုန်းတီးနေလို့ လေပြင်းတိုက်ချိန်မှာ ပြိုကျတာလို့ ရှန်ဟိုင်း မြေအောက်ရထားလိုင်း အမှတ်စဉ် တဆယ်က အကြီးတန်း အင်ဂျင်နီယာ မာကျုံးကျန်းက ပြောခဲ့ပါတယ်။