လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ပြီး ၄ ဦးသေဆုံးဟု အစိုးရထုတ်ပြန်
DVB
·
August 5, 2016
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ ဇူလိုင် ၁၅ ကနေ သြဂုတ် ၄ ရက်အတွင်း ရေဘေးသင့်သူပေါင်း ၂၃၀၀၀၀ ကျော်နဲ့ ရေဘေးအတွင်း သေဆုံးသူ ၄ ဦးရှိပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ ကချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေဘေးဒုက္ခခံစားနေကြရတာဖြစ်ပြီး ရေဘေးသင့်သူ အများစုကတော့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာဖြစ်ပါတယ်။
ရေဘေးသင့်အိမ်ထောင်စုပေါင်း ၅ သောင်းခွဲကျော်၊ ပြောင်းရွှေ့အိမ်ခြေပေါင်း ၅ သောင်းကျော်ရှိပြီး ရေဘေးအတွင်း သေဆုံးသွားသူတွေကတော့ စစ်ကိုင်းတိုင်းမှာ လူ ၂ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦးတို့ ဖြစ်ပါတယ်။
အစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သန်းပေါင်း ၁၁၃ သန်းကျော် သုံးစွဲပြီး အစား အသောက်နဲ့ အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ကူညီထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။