Home
ဆောင်းပါး
မန္တလေးမြို့ကြီး မြောင်းတွေရေမစီးလို့ ရေကြီးရေလျှံတာ နှစ်စဉ်မခံရအောင်
DVB
·
August 5, 2016
ဒီကနေ့ မျက်မှောက်ကာလ ၂၁ ရာစုထဲမှာ မိုးသည်းသည်းရွာပြီဆိုရင် ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ မြို့တော်ကြီးတွေရဲ့ လမ်းမတွေပေါ်ကို ရေတွေ လွယ်လင့်တကူ ချက်ချင်းလျှံတက်လာပြီး ရေလွှမ်းတတ်လို့ ခရီးသွား အများပြည်သူတွေမှာ ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ကြရတာဖြင့် ထုံးစံလို ဖြစ်လာနေပြီ။ ရေဆိုတာ ကမ္ဘာ့ဆွဲအားကြောင့် မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတာပါ။ စီးလာတဲ့ ရေထုပမာဏက ကြီးမားပြီး ရှိတဲ့မြောင်းအရွယ်အစားက သေးငယ်နေရင်ဖြစ်ဖြစ်၊ မြောင်းတွေက ကောနေပြီး ပိတ်ဆို့နေရင်ဖြစ်ဖြစ် ရေဆိုတာဟာ ရတဲ့အပေါက်ကနေ ထွက်ပေါက်ရှာပါလိမ့်မယ်။ ရှေ့မှာ အတားအဆီးတွေ့လို့ ဖြောင့်ဖြောင့်မစီးနိုင်ရင် ဘေးကို ဖောက်ထွက်စီးမှာလည်း အသေအချာပါပဲ။ မန္တလေးရဲ့ တနှစ်ပျမ်းမျှ မိုးရေချိန်ပမာဏဟာ ၉၁၅ မီလီမီတာ (၃၆ လက်မ) ရှိပြီး စင်ကာပူရဲ့ ပျမ်းမျှမိုးရေချိန်က ၂၃၄၀ မီလီမီတာ (၉၂ ဒသမ ၁ လက်မ) ရှိပါတယ်။ ဘာကြောင့် မိုးရေချိန်များတဲ့ စင်ကာပူမှာ ရေလွှမ်းမှု ကြီးကြီးမားမား မခံရတာလဲ? ဘာကြောင့် မိုးရေချိန်လက်မ နည်းနည်းပဲရွာတဲ့ မန္တလေးမှာ မကြာခဏ ရေကြီးနေရတာလဲ? ဆိုတာ အောက်မှာတွဲတင်ထားတဲ့ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အဖြေသိနိုင်ပါတယ်။ အဓိက ကွာခြားချက်ကတော့ ရေဆိုးစွန့်ပစ်မှုစနစ် ကွဲပြားတာကြောင့် လုံလောက်စွာ ရေစီးဆင်းနိုင်တဲ့ မြေပေါ်မြောင်းတွေ၊ မြေအောက်မြောင်းတွေ မရှိလို့ပါဘဲ။ စင်ကာပူနိုင်ငံရှိ သဘာဝမိုးရေ ဖမ်းယူစုဆောင်းပေးသော ဆူငိုင်းတမ်းပနီး မြစ်တူးမြောင်းကို တွေ့ ရစဉ် 123   မန္တလေးမြို့ ၁၈ လမ်းရှိ အမှိုက်ကန်များအနီး ရွှေတချောင်းမြောင်းအား တွေ့ မြင်ရစဉ် 12 အထက်ကပုံမှာ မြင်ရတဲ့အတိုင်း အစိုးရက အမှိုက်ကန်၊ အမှိုက်သိမ်းကားတွေ ချထား၊ စီစဉ်ထားပေးပေမယ့် အမှိုက်လာပစ်တဲ့ ပြည်သူတချို့ဟာ စည်းကမ်းလိုက်နာမှု အားနည်းရုံတင်မက ကျန်းမာရေးအသိ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိတွေ ချို့တဲ့ကြတယ်။ ဆိုင်ကယ်၊ စက်ဘီးတွေပေါ်ကတောင် မဆင်းဘဲ အဝေးကနေ အမှိုက်အိတ်တွေကို အမှိုက်ကန်ထဲရောက်အောင် သေသေချာချာ မထည့်ကြဘဲ လှမ်းပစ်ထည့်သွားကြတာ သတိပြုမိခဲ့တယ်။ အမှိုက်တွေဆိုတာ ဘေးကို ဖိတ်ကျ၊ အညစ်ကြေးတွေယိုကျနဲ့ ပစ်စလက်ခတ်ကို တာဝန်မဲ့ လုပ်ကိုင်နေကြတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ မန္တလေးမှာရှိတဲ့ မြေပေါ်မြောင်းတွေကို လေ့လာလိုက်ရင် … အစရှိပြီး အဆုံးမသတ်တဲ့မြောင်းတွေ ရှိတယ်။ ရေမစီးတော့တဲ့မြောင်းတွေ ရှိတယ်။ တရားမဝင်ဖောက်ထားတဲ့မြောင်းတွေ ရှိတယ်။ ဘယ်မြောင်းနဲ့မှ ချိတ်ဆက်မထားတဲ့မြောင်းတွေ ရှိတယ်။ အဖုံးအကာမရှိတဲ့မြောင်းတွေ ရှိတယ်။ မနိုင်ဝန်ထမ်းနေရတဲ့မြောင်းတွေ ရှိတယ်။ မည်ကာမတ္တမြောင်းတွေ ရှိတယ်။ ရေသန့်နဲ့ ရေဆိုးရောနေတဲ့မြောင်းတွေ ရှိတယ်။ အမှိုက်ပစ်ရာ၊ မစင်စွန့်တဲ့မြောင်းတွေ ရှိတယ်။ ထွက်ပေါက်မရှိတဲ့ မြေနိမ့်ရာအရပ်ကမြောင်းတွေ ရှိတယ်။ ရေသတ္တဝါတွေ ရှင်သန်နိုင်တဲ့ အောက်ဆီဂျင် PH Level BOD, COD Limit ဘောင်ထဲဝင်တဲ့ မြောင်းဆိုတာ မန္တလေးမှာ မရှိတော့ပါဘူး။ မန္တလေးမြို့ကြီးကို နိုင်ငံတကာ မြို့တော်ကြီးတွေမှာ ရှိအပ်တဲ့ မြို့တော်အင်္ဂါရပ်တွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မိုးရေနဲ့ လူသုံး၊ စက်မှုသုံး စွန့်ပစ်ရေတွေကို စနစ်တကျ စီးဆင်း စွန့်ထုတ်နိုင်ဖို့ရာအတွက်... မင်းတုန်းမင်းတရားကြီး တည်ဆောင်ခဲ့တဲ့ ရတနာပုံ မန္တလေး မင်းနေပြည်တော်ဟောင်းကြီးဟာ အလွန်အကွက်အကွင်းကျစွာ တည်ရှိနေတာပါ။ ဧရာဝတီမြစ်ဘေးမှာ မျဉ်းဖြောင့် မျဉ်းပြိုင်လမ်းမကြီးတွေ အစီအရီနဲ့ စည်မျက်နှာပြင်လို ညီနေတဲ့ မန္တလေးမြို့မှာ ရေစီးရေလာသာဖို့၊ ရေဆိုးစွန့်ပစ်ရေတွေကို စနစ်တကျ စွန့်ထုတ်နိုင်ဖို့ လှလှပပ တည်ဆောက်လို့ ရပါတယ်။ မျဉ်းဖြောင့်မျဉ်းပြိုင်လမ်းမကြီးတွေရဲ့ဘေး ပလက်ဖောင်းတလျှောက်အောက်မှာ မြေအောက် ရေဆိုးမြောင်းတွေ (Underground Sewage System) ကော၊ မိုးရေစီးဆင်းဖို့ မြေပေါ်မြောင်းတွေ (Open Water Ways) ကို စနစ်တကျ ဖောက်လုပ်ချိတ်ဆက်ပြီး ဧရာဝတီမြစ်ဘေးတလျှောက် ရေစစ်ကန်တွေ (Interceptors)၊ ရေဆိုးသန့်စက်ရုံတွေ (Sewage Plants)၊ ရေသန့်စင်စက်ရုံတွေ (Water Treatment Plants) တွေ အလုံအလောက်တည်ဆောက်ပြီး သန့်စင်တဲ့ရေတွေကိုသာ ဧရာဝတီမြစ်ထဲ  ဖောက်ထုတ်စီးဆင်းစေလို့ ရပါတယ်။ ဒီနေရာမှာ ကြားဖြတ်လို့ လန်ဒန်မြို့ကြီးရဲ့ ရေဆိုးစွန့်ထုတ်ပုံစနစ်အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ ၁၉ ရာစု အစောပိုင်းကာလတွေအထိ လန်ဒန်မြို့ကြီးရဲ့ သိမ်းမြစ်ဟာ မြို့သူမြို့သားတွေနဲ့ စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ ညစ်ညမ်းရေဆိုးတွေ တိုက်ရိုက်စွန့်ထုတ်ရာနေရာ ဖြစ်တာမို့ လူထုကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ ရောဂါပိုးမွှား ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားလာပြီး ကာလ၀မ်းရောဂါ စတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဘယတွေ ဖြစ်ပွားလို့ အလွန်နံစော်တဲ့ မြစ်ညစ်ကြီးတစင်း ဖြစ်လာခဲ့ပါတော့တယ်။ ကြွက်သေပုပ်တွေ၊ မိလ္လာအညစ်အကြေးတွေ၊ စက်ရုံအလုပ်ရုံ စွန့်ပစ်အညစ်အကြေးတွေကြောင့် ၁၈၅၈ ခုနှစ်ရဲ့ ပူပြင်းတဲ့ရာသီမှာ သိမ်းမြစ်ထဲက မခံရပ်နိုင်အောင် နံစော်မှု (Great Stink) ဖြစ်ပွားခဲ့တဲ့ အခါမှာတော့ အင်္ဂလန်ပါလီမန်ဟာ လန်ဒန်မြို့ရဲ့ ရေဆိုးစွန့်ထုတ်မှုစနစ် (Sewerage System) ကို သဘာဝပတ်ဝန်းကျင်နဲ့ မြို့လူထုရဲ့ ကျန်းမာရေး မထိခိုက်စေရဘဲ စနစ်တကျ စွန့်ပစ်နိုင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ စနစ်ဖြစ်အောင် အမြန်ဆုံးနဲ့ မဖြစ်မနေ တည်ဆောက်ယူရမယ်ဆိုတာ သဘောပေါက်ခဲ့ပါတော့တယ်။ လန်ဒန်မြူနီစီပယ်ဘုတ်အဖွဲ့က အင်ဂျင်နီယာချုပ် ဆြာဂျိုးဇက် ၀ီလျှံ ဘဇယ်လ်ဂျက် (Sir Joseph William Bazalgette) ရဲ့ ဒီဇိုင်းနဲ့ ရေဆိုးသန့်စင်ရုံ Interceptor sewers ၆ ရုံ အပါအ၀င် စုစုပေါင်း အရှည်မိုင် ၁၀၀ (ကီလိုမီတာ-၁၆၀)  နီးပါးရှိတဲ့ လန်ဒန်မြေအောက်ရေဆိုးမြောင်း ကွန်ရက်စနစ်ကို မြေအောက်ချောင်းလက်တံ၊ မြေအောက်မြစ် (London’s ‘lost’ rivers) တွေနဲ့ ချိတ်ဆက်တည်ဆောက်ပြီး အထက်ဘက်မှာရှိတဲ့ မြောက်ပိုင်းပင်လယ်ဝ (North Sea) နားက သိမ်းမြစ်ဝကျွန်းပေါ် ဒေသဆီကို လန်ဒန်မြို့ရဲ့ ရေဆိုးတွေကို ပို့ဆောင်သန့်စင်စေပြီးမှ စွန့်ထုတ်စေခဲ့တယ်။ ရေဆိုးသန့်စင်ရုံ Interceptor sewers တွေ တည်ဆောက်ဖို့ မြေကြီးပမာဏထုထည် ကုဗမီတာ ၂ ဒသမ ၇ သန်းကို တူးထုတ်ခဲ့ရပြီး အုတ်ပေါင်း ၃၁၈ သန်းနဲ့ ကွန်ကရစ်ထု ကုဗမီတာ ၆၇၀,၀၀၀ ကို လောင်းခဲ့ရပါတယ်။ ၂၀ ရာစုနှစ်အတွင်းမှာ အသစ်ဖွံ့ဖြိုးလာတဲ့ ရေဆိုးသန့်စင်မှု နည်းပညာတွေနဲ့ နောက်ထပ် မွမ်းမံဖြည့်စွက်ခဲ့ပါသေးတယ်။ မူရင်းဒီဇိုင်းတွက်ချက်မှုအရ သတ်မှတ်ထားတဲ့ မိုးရေထိရောက်စုဆောင်းမိတဲ့ ဧရိယာအတွင်းမှာ တနာရီကို မိုးရေချိန် ၆ ဒသမ ၅ မီလီမီတာ (ဒသမ ၂၅ ) လက်မထိသာ လက်ခံ စွန့်ထုတ်နိုင်တာမို့ ဒီကနေ့ ၂၁ ရာစုနှစ် ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ ရာသီဥတု၊ တိုးပွားလာတဲ့ မိုးရေချိန်တွေနဲ့ မြင့်မားလာတဲ့လူဦးရေ၊ မြို့ပြလူနေမှုစနစ်တွေ ဖွံ့ဖြိုးသိပ်သည်းလာမှုတွေကြောင့်  လန်ဒန်မြေအောက်ရေဆိုးစွန့်ထုတ်မှု စနစ်ဟာ ထပ်မံအဆင့်မြှင့်ဖို့ လိုနေပါသေးတယ်။ မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ ပဲခူး အစရှိတဲ့ မြို့တော်တွေရဲ့ ရေဆိုးစွန့်ပစ်မှု စနစ်တွေဟာ ၁၉ ရာစုနှစ်တွေတုန်းက အဆင့်မျိုးသာသာပဲ ရှိနေတာမို့ အခြေခံကစပြီး အသစ်ကို တည်ဆောက်ဖို့ လိုနေပါပြီ။ ဒါတွေလုပ်နိုင်ဖို့က ပြည်သူက ရွေးကောက်လိုက်တဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခမျာ ဘဏ္ဍာငွေကြေး အလွန်ချို့တဲ့နေတာ လူတိုင်းသိနေပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ အရင် စစ်အစိုးရ အဆက်ဆက်မှာ ပြည်တွင်းစစ်ကြောင့် မလိုအပ်တဲ့နေရာတွေ ဥပမာ စစ်စရိတ်တွေ သုံးဖြုန်းခဲ့ကြတာရယ်၊ နဝတ၊ နအဖနဲ့ ဦးသိန်းစိန်အစိုးရလက်ထက် နှစ်ပေါင်း ၃၀ နီးပါး စိတ်တိုင်းကျ ခိုးဝှက်တာရော၊ ဗြောင်ယူခဲ့ကြတာကြောင့် တိုင်းပြည်ဘဏ္ဍာဟာ အခွံသာသာလောက် ကျန်ခဲ့တာကို လက်ပြောင်းယူခဲ့ရတာ မဟုတ်လား။ ဒီတော့ လိုအပ်တဲ့ ဘဏ္ဍာငွေကြေးတွေရလာဖို့ အန်အယ်လ်ဒီ အစိုးရတရပ်တည်း ရှာနေလို့ မလုံလောက်နိုင်ဘူး။ နိုင်ငံတကာ အကူအညီတွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ ပြည်သူတွေ အားလုံးလက်တွဲပြီး ရှာဖွေဖြည့်ဆည်းဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ရေလွှမ်းခံရရင် လူတိုင်းလူတိုင်း ဒုက္ခရောက်ရတာ မဟုတ်လား။ အခွန်ဆောင်ရမှာကို ဟိုအကြောင်းပြ ဒီအပြစ်ရှာ ဟိုလက်ညှိုးထိုးပြီး ရှောင်ပြေးနေလို့ မဖြစ်တော့ဘူး။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိဖို့ အခက်အခဲတွေကို ပြည်သူတွေသိအောင် ချပြ အစီရင်ခံဖို့လိုမယ်။ ဒါမှသာ နည်းပညာ အတွေ့အကြုံ၊ လူအား၊ ငွေအား လှူချင်တန်းချင်သူတွေလည်း ပေါ်လာပြီး ၀ိုင်းဝန်းကူညီရင်း လိုအပ်တဲ့ကွက်လပ်တွေ ဖြည့်ပေးနိုင်မှာပေါ့။ အနှစ်ချုပ်ကတော့ ဒီကနေ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့ ပရောဂ မကင်းဘဲ ဖြစ်ပေါ်လာနေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ပိုလို့ ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလာနေပြီ ဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလိုဟာ သဘာဝဘေးရန်တွေကို အနည်းနဲ့အများဆိုသလို ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ အဲ့ဒီဘေးအန္တရာယ်တွေကို ထိရောက်ပြီး ပိုစနစ်ကျစွာ ရင်ဆိုင်နိုင်ဖို့ဆိုတာ အစိုးရတရပ်တည်း ရင်ဆိုင်နေလို့ မရပါဘူး။ နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်တိုင် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိတွေ မြင့်မားလို့ စည်းကမ်းကောင်းမွန်လာကြပြီး အုပ်ချုပ်သူအစိုးရနဲ့အတူ လက်တွဲကာကွယ် ရင်ဆိုင်ဖြေရှင်းမှသာ သဘာဝရန်စွယ် အန္တရာယ် အခက်အခဲတွေကို အဆုံးအရှုံးနည်းနည်းနဲ့ ကျော်လွှားလွန်မြောက်နိုင်ပြီး မန္တလေးမြို့ကြီးမှာ မြောင်းတွေ ရေစီးလို့ ရေကြီးရေလျှံတာကို နှစ်စဉ်မခံရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း။     ။   မင်းကောင်းချစ် သြဂုတ်လ (၃) ရက်နေ့  ၂၀၁၆ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024