A d v e r t i s e m e n t With Us

နာဂတိုင်းရင်းသားများ ပြည်နယ်ရရှိရေး ကြိုးပမ်းမည်

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နာဂတိုင်းရင်းသားတွေအနေနဲ့ လာမယ့်  ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ခွင့်ရရေးနဲ့ နာဂပြည်နယ်ရရှိရေး ကြိုးပမ်းသွားမယ်လို့ ကြေညာပါတယ်။ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့နဲ့ နာဂအမျိုးသားရေးရာကောင်စီတို့ ဦးဆောင်တဲ့ လူမှုအခြေပြုအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ခန္တီးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။ အခုလို ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ခွင့်ရဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ပြည်နယ်တောင်းဖို့ ကြိုးပမ်းသွားမယ့်အကြောင်း နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) က ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ဒီဗွီဘီကို ခုလိုပြောပါတယ်။ "လောလောဆယ် သူတို့က ကျနော်တို့အရပ်ဘက် ယဉ်ကျေးမှု အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခွင့်ပြုမယ်လို့ မပြောသေးဘူး။  တက်ရောက်ခွင့် မပေးသေးဘူးဆိုတဲ့ သဘောမျိုးပြောထားတာရှိတယ်။ အဲဒါကြောင့် တရားဝင်တက်ရောက်ခွင့်ရရှိဖို့ ကျနော်တို့ တင်ပြတောင်းဆိုသွားမှာဖြစ်တယ်။  ပြည်နယ်ရရှိရေး ဆိုတာကတော့ ကျနော်တို့မှာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆိုတာရှိတယ်။ ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ အမည်နာမတခုပဲရှိတယ်၊ လုပ်ပိုင်ခွင့်အဆင့်ဆင့်ကျတော့ ကျေန်ာတို့မှာ ဘာမှမရှိပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအောက်မှာဘဲ ရှိတယ်။  ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ ကိုယ့်ခြေကိုယ့်လက်နဲ့ ဖန်တီးခွင့် မရှိပါဘူး။ လမ်းတွေဖောက်ချင်တယ်၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ ဆောက်မယ်ဆို ကျနော်တို့ ကိုယ့်ဆန္ဒနဲ့ ကိုယ်လုပ်လို့မရပါဘူး။ ဒါကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ ပြည်နယ်တောင်းဖို့ ကြိုးပမ်းသွားမယ်။" လက်ရှိ နာဂကိုယ်ပိုင်အခုပ်ချုပ်ခွင့်ရဒေသထဲမှာ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ် ၃ ခုပါဝင်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ နာဂလူဦးရေ ၂ သိန်းကျော်ရှိတယ်လို့  ဦးအောင်ထွဋ်က ခန့်မှန်းပါတယ်။ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာတော့ အဆိုပါမြို့နယ် ၃ မြို့နယ်မှာ လူဦးရေ ၁ သောင်းကျော် ရှိတယ်လို့ ဖော်ပြထားတယ်။ နာဂတိုင်းရင်းသားတွေဟာ အိန္ဒိယနိုင်ငံ အာသံ၊ မဏိပူနဲ့ နာဂလန်း စတဲ့ ပြည်နယ်တွေမှာလည်း အဓိက နေထိုင်ကြပါတယ်။ နာဂအမျိုးသားရေးရာကောင်စီအဖွဲ့ဝင်  ဦးနှင်းဝါက "နာဂလက်နက်ကိုင်အဖွဲ့က သူတို့က အိန္ဒိယရယ်၊ မြန်မာရယ်၊ နှစ်နိုင်ငံ ခွနေတယ်ဆိုတော့ ဒီဘက်က ပင်လုံညီလာခံမှာ လက်မှတ်ထိုးလိုက်ရင် ဟိုဘက်ကလူတွေ ချန်ခဲ့သလို ဖြစ်မှာစိုးတော့ သူတို့က မသေချာသေးဘူးပေါ့နော်၊ ကျနော်တို့ နာဂက အိန္ဒိယဘက်မှာ ပိုများတယ်၊ အင်္ဂလိပ်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့ခါကျတော့ အိန္ဒိယဘက်မှာ တော်တော်များများပါသွားပြီး မြန်မာပြည်ဘက်မှာတော့ နည်းနည်းပဲပါတာ "လို့ပြောပါတယ်။ နာဂလက်နက်ကိုင်အဖွဲ့ဟာ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ဧပြီလမှာ အစိုးရနဲ့  ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးခြင်းမရှိသေးသလို  အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကတော့   နာဂလက်နက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ နာဂတိုင်းရင်းသားတွေအနေနဲ့ ၂၁ ပင်လုံညီလာခံကို ဘယ်လိုအနေအထားနဲ့ တက်ရောက်မလဲဆိုတာတော့ အကြောင်းပြန်ကြားလာတာ မရှိသေးဘူးလို့ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up