ဆန္ဒပြမှုများကို အဓိကရုဏ်းအသွင်မရောက်အောင် ဆောင်ရွက်ရန် ဒုသမ္မတညွှန်ကြား




1.6K
ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါက ပြဿနာအရင်းအမြစ်ကို ဦးတည်ဖြေရှင်းတဲ့ နည်းလမ်းကို အသုံးပြုဆောင်ရွက်ဖို့၊ ဆန္ဒပြမှုတွေ အဓိကရုဏ်းအသွင် မရောက်ရှိစေရန် ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီစံနှုန်းနဲ့အညီ ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်များကို မထိခိုက်စေအောင်ဆောင်ရွက်ကြဖို့ ဒုသမ္မတက ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။
သြဂုတ် ၄ ရက်မနက်က နေပြည်တော်မှာ ကျင်းပတဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားသွားတာဖြစ်ပြီး အရေးပေါ်ကာလအခြေအနေကို စီမံခန့်ခွဲရာမှာ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အလေးထားကာကွယ် စောင့်ရှောက်ဖို့လည်း တိုက်တွန်းသွားတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။
အစိုးရသစ်အနေနဲ့ စတင်တာဝန်ယူခဲ့ချိန်မှစပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည့် အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀တိုးတက်မြင့်မားရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။ ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီအစည်းအဝေးမှာ ပြည်ထဲရေး ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရဲချုပ် ဇော်ဝင်းနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
လတ်တလော မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း အရေးပေါ်စီမံခန့်ခွဲမှုကော်မတီတွေ ဖွဲ့စည်းထားပြီး ခရိုင်နဲ့ မြို့နယ်အဆင့်တို့မှာလည်း ဆက်လက်ဖွဲ့စည်းသွားဖို့ ရှိနေတယ်လို့ ဒုသမ္မတရဲ့ ပြောကြားချက်အရ သိရပါတယ်။