ရခိုင်ပြည်တွင်း ရေကြောင်းသင်္ဘောများ ပြေးဆွဲဦးမည်မဟုတ်ဟု ၀န်ကြီးပြော

အောင်တံခွန် ၃ ရေယာဉ်
939
ခရီးသည်ရာကျော်သေဆုံးခဲ့ရတဲ့ သင်္ဘောနစ်မြုပ်ခဲ့ပြီးကတည်းက ရပ်နားထားတဲ့ ရခိုင်ပြည်နယ်တွင်း ပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်တွေ ပြေးဆွဲနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ မတ်လမှာ အောင်တံခွန် ၃ ရေယာဉ် နစ်မြုပ်ခဲ့ပြီးကတည်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ကမ်းရိုးတန်းသွားသင်္ဘောတွေ ဒီနေ့အထိ ရပ်နားထားခဲ့ရတာပါ။
ရခိုင်ပြည်နယ်မှာ ရေလမ်းခရီးကို အဓိက သွားလာနေရတာဖြစ်ပေမယ့် သင်္ဘောတွေ ရပ်တန့်ထားရလို့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာ ဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ကုန်ကျစရိတ်တွေ များလွန်းနေတာကြောင့် သင်္ဘောတွေ ပြန်လည်ပြေးဆွဲးမယ့် အခြေအနေနဲ့ ပတ်သက်လို့ ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ် ၂ က ကိုယ်စားလှယ် ဦးဖိုးစံရဲ့ မေးမြန်းချက်ကို ၀န်ကြီးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “ရခိုင်ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင် ဖြတ်သန်းရသော၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ် ခရီးလမ်းအတွက် အဆင့်မီရေယာဉ်ရရှိရေးကို လောလောဆယ်မှာ အခြေအနေအရ ပံ့ပိုးပစ္စည်းတွေကို စုစည်းနေဆဲအခြေအနေမှာသာရှိပါကြောင်း၊ ပြေးဆွဲနိုင်မည့် အချိန် ခုနှစ်အတိအကျကို ပြောနိုင်ခြင်း မရှိသေးပါကြောင်း” ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ သင်္ဘောတွေ ကြံ့ခိုင်မှုမရှိလို့ ပင်လယ်ရေကြောင်းသွားလာဖို့ မသင့်တော်တာကြောင့် ရပ်နားထားခဲ့ရတာဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စု အစိုးရရဲ့ ဘဏ္ဍာငွေခွဲဝေချထားပေးတာ မရှိလို့ ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ သင်္ဘောအသစ် တည်ဆောက်ဖို့ သံပြားတွေ အကူအညီပေးထားသလို နောက်ထပ်လည်း သင်္ဘောတည်ဆောက်ပေးဖို့ ကမ်းလှမ်းထားပြီး ရေလမ်းကြောင်းမှာ စစ်ဆေးတိုင်းထွာမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ကြားထဲမှာ ဂျပန်က ဒီလမ်းကြောင်းကို ပြေးဆွဲဖို့အတွက် ကျွမ်းကျင်သူအဖွဲ့တဖွဲ့က Survey ဆင်းခဲ့ပါတယ်။ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ လမ်းအတိုင်း Survey ဆင်းခဲ့ပါတယ်။ Survey Data တွေကို ရရှိပြီးတော့ မကြာခင်မှာ ကျနော်တို့ ကမ်းရိုးတန်းနဲ့ ကိုက်ညီမယ့် ရေယာဉ်သုံးစီးကိုလည်းပဲ ပေးအပ်ဖို့အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။”
ရခိုင်ပြည်နယ်ထဲမှာ တောင်ပိုင်းမြို့နယ်တွေကို ဆက်သွယ်ဖို့ ပင်လယ်ရေကြောင်း ခရီးတစ်ခုတည်းကိုပဲ အားထားနေရပြီး ပုဂ္ဂလိကရေယာဉ်လိုင်းတွေရဲ့ ဈေးနှုန်းကြီးမြင့်တာ၊ ခရီးသည်နဲ့ ရေယာဉ်လုံလောက်မှုမရှိတာတွေကြောင့် ခရီးသွားသူတွေ အခက်အခဲရှိနေရတာပါ။