ကြက်ဥ ၇ လုံးကို မျိုချပြီး ပြန်အန်ထွက်သည့် မြွေဟောက်ရုပ်သံ ရေပန်းစား (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ မြွေဟောက်ဘုရင် (King Cobra) လို့ ခေါ်ကြတဲ့ မြွေဟောက်တကောင်ဟာ ကြက်ဥ ၇ လုံးကို မျိုချပြီး ပြန်အန်ချပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အိုဒီရှာခရိုင်၊ မာယူဘန်ဂ်ျဒေသတွင်းက ကျားထိန်းသိမ်းကာကွယ်ရေး ဧရိယာတခုထဲမှာ ဖြစ်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မြွေဟောက်ဟာ ၇ လုံးမြောက် နောက်ဆုံးဥတလုံးကို မျိုချခဲ့ပြီးချိန် သူ့အစာအိမ်ထဲမှာ တခုခုဖြစ်ခဲ့ပုံရပြီး ဆက်ထိန်းမထားနိုင်ခဲ့ဘဲ ပြန်အန်ထွက်ခဲ့တာပါ။
သူဟာ ကြက်ဥတွေကို တလုံးချင်းစီ ပြန်ပြီး အန်ချခဲ့တာကို တွေ့ရပါတယ်။
ဒီမြွေဟောက်အမျိုးအစားဟာ အဆိပ်အပြင်းဆုံး မြွေအမျိုးအစားထဲမှာ ပါဝင်ပြီး အရှေ့တောင်အာရှဒေသတွေမှာ အဓိက တွေ့ရတာပါ။
သူတို့ကို အိန္ဒိယနိုင်ငံရဲ့ မိုးသစ်တောတွေထဲမှာလည်း တွေ့ရပြီး တခြားမြွေအချင်းချင်းကို စားသောက်လေ့ရှိကာ နို့တိုက်သတ္တ၀ါတွေ၊ ဖွတ်ပုတတ် စတဲ့ အကောင်တွေနဲ့ ဥတွေကိုလည်း အစာအဖြစ် စားသောက်လေ့ ရှိကြတာပါ။
ဒီမြွေအမျိုးအစားဟာ သူတို့ရဲ့ဥတွေကို အသိုက်ဆောက်ကာ ဥလေ့ရှိတဲ့ တခုတည်းသော အမျိုးအစားဖြစ်တယ်လို့ အင်ဒီးယန်းအိပ်စ်ပရက်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ ရုတ်ချည်းပဲ လူမှုကွန်ရက် စာမျက်မှာတွေပေါ်မှတဆင့် ပျံ့နှံ့သွားခဲ့တာပါ။