Home
မြန်မာသတင်း
တနိုင်းမြို့နယ်တွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်
နန်းမြနဒီ
·
August 4, 2016
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အစိုးရတပ်ကြား မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အစိုးရတပ်ဟာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၁၄ နဲ့ နီးတဲ့ဘက်ကို ရောက်လာ တာကြောင့် ထောင်ထားတဲ့ လုံခြုံရေးမိုင်းတွေ ပေါက်ကွဲပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးဌာနက  ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီ ကို ပြောပါတယ်။ “တနိုင်းဘက်က တပ်မဟာ ၂ တပ်ရင်း ၁၄ ဘက်မှာ တပ်မတော်ဘက်က စစ်ကြောင်းတွေ ထိုးလာလို့ ကေအိုင်အေတပ်စခန်းဘက်မှာ နည်းနည်းနီးလာလို့ ကျနော်တို့ရဲ့ လုံခြုံရေးမိုင်းတွေ ပေါက်ကွဲလာတယ်။ အဲဒါကြောင့် တပ်မတော်ဘက်ကလည်း လက်နက်ကြီးတွေ၊ လက်နက်ကြီး ဆိုတဲ့နေရာမှာ ၈၈ တို့ ၆၀ တို့နဲ့ လှမ်းပစ်တယ်။ နောက်နည်းနည်းပြန်နီးလာတော့ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ထိခိုက်ကျဆုံးတာတော့ မသိရဘူး။” ဒီကနေ့လည်း ဖားကန့်ဒေသက ကေအိုင်အေ တပ်မဟာ ၆ ရှိရာဘက်ကို  အစိုးရတပ်တွေ ရောက်ရှိ လာတယ်လို့ဆိုပါတယ်။ မနေ့က တနိုင်းမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့  မြန်မာတပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ  အဆက်မပြတ် ပြုလုပ်နေချိန်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်မထိုးရသေးတဲ့ ကေအိုင်အေဖွဲ့နဲ့ အစိုးရတပ်တွေ တိုက်ပွဲ အခုလိုဖြစ်ပွားခဲ့တာပါ။ ဗိုလ်မှူးကြီးနော်ဘိုကတော့ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့  ကြိုးပမ်းနေချိန်မှာ တဘက်က ထိုးစစ်ဆင်နေတဲ့အတွက်  ငြိမ်းချမ်းရေး မအောင်မြင် မှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီကနေ့မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ သတင်းတွေ မကြားရသေးသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024