အမြင့်ပေ ၅၃၀ ကျော်ရှိ ရှုခင်းကြည့်မျှော်စင် ဗြိတိန်တွင်ဖွင့်လှစ်

ဓာတ်ပုံ - bt.com
936
ကမ္ဘာ့ပထမဆုံး အထက်အောက် ဆင်းနိုင် တက်နိုင်သည့် ရှုခင်းကြည့် မျှော်စင်ကို သြဂုတ် ၄ ရက်က ဗြိတိန်နိုင်ငံတောင်ပိုင်း ဘရိုက်တန် (Brighten) ကမ်းခြေမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
အမြင့်ပေ ၅၃၀ ကျော်ရှိပြီး ပတ်ဝန်းကျင်ပတ်ပတ်လည် ၃၈၀ ဒီဂရီ ရှုမျှော်ခင်းကို ကြည့်ရှုခံစားနိုင်တဲ့အတွက် မျှော်စင်ကို i360 လို့ အမည်ပေးထားပါတယ်။
ဗြိတိန်လေကြောင်းလိုင်းကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပြီး ပတ်ဝန်းကျင် ၂၆ မိုင် အကွာအဝေးအထိ မြင်ရတယ်လို့ ဆိုပါတယ်။
လာရောက်လည်ပတ်သူတွေ၊ ရှုမျှော်ခင်းကြည့် ၀ါသနာပါသူတွေ အမြင့်ပေ ၄၅၀ ကနေ ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်ရှုနိုင်ပြီး ကြည့်စင်က အထက်အောက် တက်နိုင်ဆင်းနိုင်အောင် ဓာတ်လှေကားလို တည်ဆောက်ထားပါတယ်။
အရင်က ဘရိုက်တန်မြို့ရဲ့ နာမည်ကျော် ပင်လယ်လေညင်းခံ တံတားရှည် ပိုင်ယာ (West Pier) တည်ရှိခဲ့တဲ့ နေရာနားမှာ တည်ဆောက်ထားတာပါ။
ဒီရှုမျှော်ခင်းကြည့်စင်နဲ့ပတ်သက်ပြီး မြို့ရဲ့အလှအပကို ဖျက်ဆီးတယ်၊ အရုပ်ဆိုးတယ်လို့ ပြောဆိုကြသူတွေလည်း ရှိသလို ကမ္ဘာ့အဆင့်မီ ဗိသုကာဒီဇိုင်းလို့ ပြောဆိုကြသူတွေလည်း ရှိပါတယ်။
ဒီ i360 ရှုမျှော်ခင်းကြည့်မျှော်စင် တာဝန်ခံအရာရှိကတော့ ဒီရှုခင်းကြည့်မျှော်စင်ဟာ ဘရိုက်တန်မြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ်၊ ရေရှည်အလားအလာ ကောင်းမယ်လို့ ပြောဆိုပါတယ်။