A d v e r t i s e m e n t With Us

မန္တလေးနှင့် မကွေးတွင် ရေဘေးသင့် အိမ်ထောင်စု သောင်းချီ ရွှေ့ပြောင်းခဲ့ရ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၃ ရက်အထိ ရေဘေးကြောင့် မန္တလေးတိုင်းမှာ အိမ်ထောင်စုပေါင်း ၉၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၂၂၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသတွေဖြစ်တဲ့ ညောင်ဦး၊ မင်းဘူးနဲ့ မကွေးမြို့တို့မှာ မိုးကြီးပြီး မြစ်ရေတက်လို့ အိမ်ထောင်စုပေါင်း ထောင်နဲ့ချီ ရေဘေးသင့်နေကြတာပါ။ မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ လူခါးလယ်လောက်အထိ ရေကြီးနေပြီး အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော် ရေလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောပါတယ်။ မိုးလေ၀သဌာနက ဒီနေ့ မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲလောက် မြင့်တက်နေတယ်လို့ သိရပြီး ဒီနေ့မှာ ၃ လက်မခန့် ရေကျဆင်းနေပါတယ်။ မကွေးတိုင်း၊ မင်းဘူးမြို့မှာတော့ ရေဘေးသင့်ပြည်သူ ၄၅၀၀ လောက် ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၂၆ ခုလောက်ထိ ဖွင့်ထားရတယ်လို့ တိုင်းလွှတ်တော်အမတ် ဦးနေမျိုးကျော်က ပြောပါတယ်။ “မြို့ထဲအပိုင်းမှာ လူ ရင်စို့လောက်အထိ မြုပ်တဲ့နေရာ ရှိတယ်။ မြို့ဝက တက်လာတဲ့ နေရာမျိုး ဆိုရင်တော့ ၀ါးတရိုက်စာလောက် လူ တရပ်ကျော်လောက်ထိ မြုပ်တယ်။ မင်းဘူးမြို့ပေါ်မှာတင် ယာယီနေထိုင်ဖို့ စခန်း ၁၈ ခု ဖွင့်ထားရပါတယ်။ ထုံးမကြီးကျေးရွာတို့၊ ရွာသစ်ကုန်းတို့ဘက်မှာက ၆ ခုလောက် ဖွင့်ထားရတယ်။ လူဦးရေအနေနဲ့ ပြောမယ်ဆိုရင် ၄၅၀၀ လောက် ရှိမယ်။” ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာ ၄ ပေလောက် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတာဖြစ်ပြီး ဒီနေ့တော့ မိုးပြတ်ပြီး သာယာနေလို့ ရေပြန်ကျနိုင်စရာအကြောင်း ရှိနေပါတယ်။ မင်းဘူးနဲ့ အနီးနားရှိ မကွေး၊ ချောက်၊ ရေနံချောင်းမြို့တို့မှာလည်း ရေကြီးနေပြီး ဧရာဝတီမြစ်ရေဟာ ချောက်မြို့မှာ ၂ ပေခန့်၊ မင်းဘူးမြို့မှာ ၄ ပေခန့်၊ မကွေးမြို့မှာ ၃ ပေခွဲခန့်၊ အောင်လံမြို့မှာ ၂ ပေခွဲခန့်၊ ပြည်မြို့မှာ  ၂ ပေခန့် အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက် အသီးသီး ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ပဲခူး စတဲ့ ပြည်နယ်တိုင်း ၆ခုမှာ ဇူလိုင်လလယ်ကနေ အခုချိန်ထိ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၃၉၀၀၀ ခန့် ပြောင်းရွှေ့ခဲ့ရပြီး လူဦးရေ ၁၇၀၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ အစိုးရက ဒီနေ့ထိ ငွေကျပ်သန်းပေါင်း ၈၀ ကျော် သုံးပြီး ရေဘေးသင့်သူတွေအတွက် အစားအစာနဲ့ အိမ်ဆောက်ပစ္စည်းတွေ ကူညီထောက်ပံ့ထားတယ်လို့ လူကယ်ပြန်ဌာနက သတင်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up