အိန္ဒိယတွင် အဝေးပြေးလမ်းမ မြစ်ကူးတံတားကျိုးကျ၊ လူ ၂၂ ဦး ပျောက်ဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်းက မွမ်ဘိုင်းမြို့နဲ့ ဂိုအာမြို့တို့ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမမှာ သြဂုတ် ၃ ရက်က တံတားကျိုးကျပြီး ဘတ်စ်ကားစီးခရီးသည် အနည်းဆုံး ၂၂ ဦး ပျောက်ဆုံးနေဆဲလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ မြစ်ကူးတံတားပေါ် ခရီးသည်တင် ဘတ်စ်ကား ၂ စီး ဖြတ်သန်းချိန် တံတာကျိုးကျသွားတာဖြစ်ပြီး ရေစီးကြမ်းတဲ့ မြစ်ထဲ မျောပါသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အိန္ဒိယလေတပ်ရော၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေရော သြဂုတ် ၃ ရက်က ရှာဖွေရေးတွေ ဆက်လုပ်နေကြပြီး ဘတ်စ်ကားအစအနနဲ့ အသက်ရှင်လျက် ခရီးသည် တဦးတယောက်မှ မတွေ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရာသီဥတုဆိုးဝါးနေပြီး မြစ်ရေစီးလည်း ကြမ်းတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးတွေ အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။
ရေငုပ်သမားတွေ၊ ရဟတ်ယာဉ်တွေ အပါအ၀င် အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၈၀ ကို စေလွှတ်ခဲ့တယ်လို့ အိန္ဒိယ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ အရာရှိချုပ်က ပြောပါတယ်။
အခုနှစ် အိန္ဒိယ မုတ်သုံကာလအတွင်း နိုင်ငံနေရာ အတော်များများမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၃ ပတ်အတွင်း လူ ၁၅၀ ကျော် သေဆုံးတယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြကြပါတယ်။