အိမ်ရှင်မြန်မာအသင်း ဆူဇူကီးဖလား အောင်မြင်စေချင်ဟု ဦးဇော်ဇော် ပြောကြား

အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာကစားသမားတွေ အနေနဲ့ ကိုယ့်နိုင်ငံမှာ အိမ်ရှင်လုပ်တာ ဖြစ်တဲ့အတွက် အောင်မြင်စေချင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
တသင်းနဲ့တသင်း ကွာဟချက်တွေ မရှိတာကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အသင်းလိုက် နားလည်မှုရှိရှိနဲ့ ကိုယ့်နိုင်ငံက အိမ်ရှင်လုပ်တဲ့ အချိန်မှာတော့ အသင်းကို အောင်မြင်စေချင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ၂၀၁၆ မဲခွဲပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
“အဓိကကတော့ ကျနော်တို့အနေနဲ့ ဒီ လိဂ်ပွဲပြီးသွားတာနဲ့ အတူတူ တွဲပြီး လေ့ကျင့်ဖို့တွေ အများကြီးစီစဉ်ထားပါတယ်။ နောက်တခုကတော့ ကျနော်တို့အနေနဲ့ နိုင်ငံခြားခရီးစဉ် လွှတ်ဖို့ လုပ်ထားတယ်။ အဓိကကတော့ နည်းပြတယောက်ကို တာဝန်ပေးပြီးရင် နည်းပြလိုချင်တဲ့ဟာကို ကျနော်တို့ ဖြည့်ဆည်းပေးတာပါပဲ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ကတော့ အိမ်ရှင်လုပ်တဲ့အချိန်မှာ အသင်းကို အောင်မြင်စေချင်တယ်။ နောက်ပြီးတော့ အသင်းလိုက် နားလည်စွာ ကစားတတ်တဲ့ဟာကိုလည်း ကျနော်တို့ လိုချင်တယ်။”
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ခြေစစ်ပွဲ အောင်လာတဲ့ အသင်းတို့ ပါဝင်တဲ့ အုပ်စု ခ မှာ ကျရောက်နေတာပါ။
ခြေစွမ်းကောင်းမွန်တဲ့ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ နောက်ထပ် အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းတို့ကတော့ အုပ်စု က မှာ ကျရောက်နေတာဖြစ်ပြီး အုပ်စုကြပ်နေခဲ့ပါတယ်။
“မြန်မာအုပ်စုမှာ ကျရောက်နေတဲ့အတွက် ဗီယက်နမ်ရော မြန်မာရောဟာ တကယ့်ကို အောင်နိုင်တဲ့အသင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဆိုတာ ပြောလို့မရဘူး။ အရင်ကလည်း ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုပွဲကတော့ ခက်ခဲမယ့်သဘော ရှိပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတသင်း ဖြစ်ပြီးတော့ ပရိသတ်အင်အားနဲ့ နိုင်ပွဲတွေရဖို့ ကြိုးစားသွားမယ့်အသင်း ဖြစ်ပါတယ်” လို့ မလေးရှား လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ အုမ်ကင်မ်ဆွီး (Mr.Ong Kim Swee) က ပြောပါတယ်။
အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပြီးတော့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကိုတော့ အရင်ကျင်းပတဲ့ ပုံစံအတိုင်းပဲ အိမ်ကွင်း၊ အဝေးကွင်း၂ ကျော့ကစားရတဲ့ စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လျှမ်းလူ