မုန့်ဟင်းငါး ရောင်းမှာလား… ပုလွေမှုတ်မှာလား
DVB
·
August 4, 2016
မိတ်ဆွေတယောက်က သူကြားလာတဲ့ စကားသံတွေ၊ သူနားထောင်လာတဲ့ ပုံပြင်တွေ၊ ၀တ္ထုတွေ၊ ဆောင်းပါးတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ဖတ်မိလာတဲ့ ပို့စ်တွေကို ထုံးစံအတိုင်း ၏သည်မရွေး ဖောက်သည်ပြန်ချတယ်။ ကိုယ်ကလည်း စကားပြောရင် အတောမသတ်သလို တဘက်က ပြောပြတဲ့ အကြောင်းအရာတွေကိုလည်း မပျင်းမရိ နားထောင်တတ်သူ။ ဒါကြောင့်လည်း ပြောသူနဲ့ နားထောင်သူ အံဝင်ခွင်ကျ ဖြစ်နေကျပင်။
မိတ်ဆွေပြောပြတဲ့ အကြောင်းအရာ အများကြီးထဲကမှ မှတ်မှတ်ထင်ထင် စွဲကျန်ရစ်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်ကို ပြန်စဉ်းစားရင်း အတွေးပေါင်းများစွာ ရစ်သိုင်းခဲ့ရတယ်။ သူပြောပြတဲ့ အကြောင်းအရာက ဒီလို…
တခါတုန်းက မုန့်ဟင်းငါးရောင်းတဲ့ လူငယ်တယောက်ရှိသတဲ့။ အဲဒီလူငယ်ရောင်းတဲ့ မုန့်ဟင်းငါးဟာ လက်ရာ အင်မတန်ကောင်းလွန်းလို့ သူ့ဆိုင်ကို တကူးတက လာရောက်စားသောက်ကြတဲ့ ဖောက်သည်တွေနဲ့ အမြဲတမ်း စည်ကားလို့နေသတဲ့။ လက်မလည်အောင် ရောင်းနေရတယ်ပေါ့။ အဲ…အဲဒီမုန့်ဟင်းငါးရောင်းတဲ့ လူငယ်လေးဟာ ပုလွေမှုတ်တာကိုလည်း အင်မတန်မှ ၀ါသနာထုံပါသတဲ့။
မုန့်ဟင်းငါးရောင်းလိုက်၊ လူကျဲသွားတဲ့အချိန်ဆိုရင် ပုလွေလေးမှုတ်လိုက်နဲ့တဲ့။ သူပုလွေမှုတ်တာကလည်း အရမ်းတော်၊ အရမ်းကောင်းလွန်းတော့ သူ့ပုလွေသံကိုကြားရင် အနီးအနားကလူတွေ လာရောက်နားထောင်ကြသတဲ့။ အစကတော့ တယောက်စ နှစ်ယောက်စပေမယ့် တဖြည်းဖြည်းနဲ့ လူတွေက ပိုများလာတယ်။ ပုလွေမှုတ်ပြီးသွားရင်တော့ အားလုံး ပြန်သွားကြတယ်ပေါ့။ သူပုလွေမှုတ်တာကို လူတွေအများကြီး လာလာနားထောင်တာကို မုန့်ဟင်းငါးသည်လေးက အရမ်းကို ဂုဏ်ယူဝမ်းမြောက်ဖြစ်ပြီး ပုလွေလေးကို တသသလုပ်လိုက်၊ မှုတ်လိုက် လုပ်နေတာပေါ့။
သူက မုန့်ဟင်းငါးရောင်းတဲ့ဘက်ကို အာရုံမရှိတော့ဘဲ ပုလွေမှုတ်တဲ့ဆီပဲ စိတ်ကရောက်နေတော့ ပုလွေပဲ မှုတ်နေသတဲ့။ ကြာလာတော့ မုန့်ဟင်းငါးချက်တာ လက်ရည်ကျလာ၊ လာစားတဲ့ ဖောက်သည်တွေလည်း လျော့လာပြီး သူ့မုန့်ဟင်းငါးဆိုင်လေးက အရောင်းပါးသွားတယ်။ အရောင်းပါးတော့ ၀င်ငွေလည်း လျော့နည်းလာတော့တာပေါ့။
သူ မုန့်ဟင်းငါးရောင်းနေတဲ့အချိန် လာစားသူရှိသလောက် ပိုက်ဆံဝင်ပေမယ့် ပုလွေမှုတ်တဲ့အခါ လာနားထောင်သူ များသလောက် ဘာဝင်ငွေတပြားတချပ်မှ မရဘူးပေါ့။ နောက်ဆုံး ဘ၀ပျက်တယ်ပေါ့။
ဒါကြောင့် ဆိုလိုချင်တဲ့သဘောကတော့ မုန့်ဟင်းငါးသည်လေးလို ကိုယ်လုပ်သင့်တဲ့အလုပ်ကို အမှန်တကယ် မလုပ်ကိုင်ဘဲ မရောင်ရာဆီလူးနေမယ်၊ ကိုယ့်ရဲ့အောင်မြင်မှုတွေ နောက်ကျသွားမယ်၊ ကိုယ့်လုပ်ငန်းဆောင်တာတွေ လစ်ဟင်းသွားလိမ့်မယ်လို့ ဆိုလိုတဲ့အတွက် မိတ်ဆွေက ကျမကိုလည်း ပြန်မေးတယ်။ မင်းရော…..မုန့်ဟင်းငါး ရောင်းမှာလား၊ ပုလွေမှုတ်မှာလားတဲ့လေ။
သူပြောပြတဲ့ အကြောင်းအရာ (ပုံပြင်ပဲထားပါတော့) နားထောင်ပြီးတဲ့ အချိန်မှာတော့ ခေါင်းထဲမှာ အတွေးတွေ တန်းစီပြီး ၀င်လာတယ်။ ဟုတ်တယ်လေ၊ ဒီကနေ့ လူတွေတော်တော်များများက ကိုယ်လုပ်ကိုင်ဆောင်ရွက်ရမယ့် အရာတွေကို လက်တွေ့ အကောင်အထည်ဖော်ကြတာ နည်းလာတယ်လို့ ထင်မိတယ်။ အချိန်ရရင် ရသလောက် အင်တာနက်ဖွင့်၊ ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပုံတွေတင်လိုက်၊ ပို့စ်တွေ ရေးတင်လိုက် လုပ်ကြတယ်။ ပြီးရင် like တွေ ဘယ်လောက်ရနေပြီ။ ငါ့ပို့စ်က ဘယ်လိုအောင်မြင်တယ်နဲ့ ဂုဏ်ယူဝင့်ကြွားတတ်ကြတယ်။
အချို့အကြောင်းကိစ္စတွေဆိုရင် အပြင်မှာ တကယ်လုပ်၊ တကယ်ဆောင်ရွက်၊ တကယ်အောင်မြင်အောင် စွမ်းဆောင်လို့ ရေးနေပေမယ့်လည်း လက်တွေ့မှာ လုပ်ငန်းဆောင်ရွက်တာက နည်းနည်း၊ ဖေ့ဘွတ်မှာတင် လူသိခံချင်ပြီး ဘယ်နှစ်ယောက်က like လုပ်တယ်၊ ဘယ်နှစ်ယောက်က share သွားပြီ၊ ဘယ်လိုကွန့်မန့်တွေ ပေးတယ်နဲ့၊ အားရင် ဖုန်းလေးဖွင့်လိုက်ပြီး လိုင်းပေါ်တက်ကြည့်ရတာအမော ဖြစ်နေကြတယ်။ ဒါကိုပဲ ဘ၀လို့ ထင်နေကြသူတွေ အများကြီး။ သူတို့ငယ်သေးလို့ နားမလည်သေးလို့ပါလို့ ပြောရအောင်ကလည်း ဖေ့စ်ဘွတ်ခ်သုံးတာက ငယ်ရွယ်သူ လူတစုတင် ကွက်သုံးတာမျိုး မဟုတ်ပါဘူး။ တကယ့် အရေးအကြောင်းဆိုရင် အဲဒီ လိုင်းပေါ်က သူငယ်ချင်းဆိုတာတွေ အားလုံး ကိုယ့်ဆီလာပြီး ၀ိုင်းကြ၊ ၀န်းကြမတဲ့လား…..သိပ်ကို သိချင်မိတယ်။
လူမှုကွန်ရက်ဆိုတာ ပျံ့နှံ့လွယ်တယ်။ ဖေ့စ်ဘွတ်ခ်ကလည်း သုံးတတ်ရင် တကယ်ကို အကျိုးရှိတာပါ။ မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဟောင်းဆွေဟောင်းတွေ၊ အဝေးရောက်ဆွေမျိုးတွေ အားလုံးနဲ့ လိုင်းပေါ်မှာ စုဆုံပေးတယ်။ ပြန်တွေ့ရတယ်။ စကားပြောခွင့်ရတယ်။ ဒါတင်လား၊ မဟုတ်သေးပါဘူး။ တယောက်နဲ့တယောက် တရားဓမ္မကြောင်းလား၊ အလဟဿ အကြောင်းလား၊ သတင်းပြောမလား၊ အတင်းပြောမလား၊ မြှောက်ပင့်ပေးလိုက်ရမလား၊ ဆွဲချလိုက်ရမလား အားလုံးလုပ်လို့ရနေတဲ့ အနေအထားမျိုးပါ။
မသုံးနဲ့လို့ မပြောလိုပေမယ့် သုံးတဲ့အခါမှာလည်း အချိန်အကန့်အသတ်ထား၊ ရည်ရွယ်ချက်ထား (ရည်ရွယ်ချက်ဆိုတာ ဥပမာ လိုင်းပေါ်တက်ပြီး ဘယ်လိုစာတွေ ဒေါင်းလော့ဆွဲမယ်၊ ဘယ်ဝက်ဆိုက်မှာ ဘယ်သတင်းဝင်ဖတ်မယ် စသဖြင့်ပေါ့) လုပ်မယ်ဆိုလည်း ရတာပါပဲ။ အခုတော့ အမုန်းတရားတွေဟော၊ အမုန်းစကားတွေပြော၊ သတင်းလား အတင်းလား မသိနဲ့ ဖေ့စ်ဘွတ်ခ်ကို ဘ၀လုပ်နေသူတွေ ဒုနဲ့ဒေးပါပဲ။
သူတို့မသိသေးတာက ဖေ့စ်ဘွတ်ခ် အသက်က သုံးလေးရက်ထက် မပိုတာပါဘဲ။ ကိုယ် ပြင်ပလောကကို ထွက်ပြီး အမှန်တကယ် လုပ်ကြည့်သင့်တာတွေ၊ လုပ်သင့်တာတွေ၊ အောင်မြင်မှု နည်းလမ်းတွေကို လက်တွေ့လုပ်ဆောင်ရမယ့်အချိန်မှာ ဖေ့စ်ဘွတ်ခ်မှာ သူရဲကောင်းလုပ်ပြီး ပုလွေမှုတ်ပြနေတာ အချိန်တွေ ဖြုန်းနေတယ်ဆိုတာ သိဖို့လိုတယ်လို့ တွေးမိတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ပုံပြင်လေးတပုဒ်ကို သွားသတိရမိတယ်။ အိမ်တအိမ်မှာ ကြောင်ရယ်၊ ခွေးရယ်၊ မြင်းရယ် ရှိတယ်။ ခွေးက ကြောင်ကို ဒီလိုမြင်တယ်။ ‘ကြောင်ကတော့ ကောင်းလိုက်တာ။ သခင့်အနားမှာ ပွတ်သီးပွတ်သပ် နေပြရုံနဲ့ သခင်ကကျွေးတာတွေကို အခန့်သား စားရတယ်’ လို့ မြင်သတဲ့။ မြင်းကလည်း ခွေးကိုကြည့်ပြီး ဇိမ်ကျလိုက်တာလို့ မြင်သတဲ့။
ဒါနဲ့ တနေ့တော့ သူတို့သုံးကောင်က တိုင်ပင်ပြီး နေရာချင်းလဲဖို့ သဘောတူခဲ့သတဲ့။ မြင်းက ခွေးနေရာဝင်မယ်။ ခွေးက ကြောင်နေရာဝင်မယ်ပေါ့။ တညမှာတော့ အဲဒီအိမ်ကို သူခိုးက ၀င်ခိုးပါရောတဲ့။ ခွေးက မဟောင်ဘဲ ခွေးနေရာဝင်ထားတဲ့ မြင်းက သူခိုးကိုမြင်တော့ သူ့အသံကြီးနဲ့ ထပြီး ဟီပါလေရောတဲ့။ ခဏ ခဏ ဟီးထနေတော့ အိမ်ရှင်က အိပ်ရေးပျက်လာပြီး ဒီလောက်မှ ဟီချင်တဲ့မြင်း ဟီအုန်းကွာဆိုပြီး ရိုက်ပါလေရောတဲ့။
ခွေးကလည်း ကြောင်နေရာ ၀င်ယူထားတော့ ကြွက်ခုတ်တဲ့အခါ ဘယ်လိုမှ အဆင်မပြေဘဲ အိုးခွက်ပုဂံတွေကို ခွဲသလို ဖြစ်ကုန်တော့တာပေါ့။ အဲဒီတော့ အိမ်ရှင်က ခွေးက ကိုယ့်အလုပ်ကိုယ်မလုပ်လို့ ဆိုပြီး ရိုက်ပါလေရောတဲ့။ ဒါကြောင့် ခွေးလည်း ခွေးနေရာ၊ ကြောင်လည်း ကြောင်နေရာ၊ သူ့နေရာနဲ့သူ လုပ်ငန်းဆောင်တာတွေ ရှိနေရဲ့သားနဲ့ အခြားကို စိတ်ရောက်ပြီး ပျော်ရွှင်နေ၊ ကျေနပ်နေလို့ မရဘူး ဆိုတာပါပဲ။ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေမှာ အာရုံနှစ်ပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုပြီးမထိရောက်၊ မအောင်မြင်နိုင်ပေဘူးလားလို့ တွေးမိတာပါ။
ဒီကနေ့ကတော့ ဘယ်သူ့ကိုကြည့်လိုက်ကြည့်လိုက် ဖုန်းပွတ်နေတာချည်းပဲ။ အရင်ကဆိုရင် နံနက်ခင်း လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ထိုင်ကြပြီး တယောက်တခွန်း ပြောကြဆိုကြသလောက် အခုတော့ ကိုယ့်ဝိုင်းကလည်း ဖုန်းကိုယ်စီ၊ သူ့ဝိုင်းကလည်း ဖုန်းကိုယ်စီနဲ့။ ကားမှတ်တိုင်စောင့်နေတဲ့သူ ကြည့်မလား၊ ပန်းရံ၊ လက်သမား အလုပ်နားချိန်ပဲ စောင့်ကြည့်မလား၊ ဖုန်းပွတ်နေတာပါပဲ။ နောက်ဆုံး ကိုယ့်ဘေးနားက ရှိနေတဲ့သူနဲ့တောင် လက်တို့ စကားပြောလို့ရပါလျက်နဲ့ ဖုန်းထဲကနေပဲ ချက်တင်လုပ်နေကြတဲ့ခေတ်။
‘ကွီး’ တို့ ‘ဘွီး’တို့၊ ‘ခေး’တို့ ‘ညေး’တို့၊ ‘မြီမြီ’တို႔ ‘ဖြီဖြီ’တို့၊ ‘တျောက်တည်းပါ’ တို့ ‘ဇမ်း’ တို့ ‘ကျန်း’ တို့၊ ‘မွင်းခါး’ တို့၊ ‘ဆုတောင်းလေ’ တို့၊ ‘အာလာပြောထှာ’ တို့၊ ‘လှလက်ထှာ’ တို့နဲ့ စကားလုံး အသစ်အဆန်းတွေမှ အများကြီးနဲ့ ဖေ့စ်ဘွတ်ခ်လောကကြီးဟာ မသိရင်တော့ တကယ်ကို ပျော်စရာကြီးပါပဲ။
အချိန်ပြည့် ဖေ့စ်ဘွတ်ခ်၊ စားလည်း ဒါ၊ သွားလည်းဒါ၊ အလုပ်လုပ်နေရင်းလည်း ဒါ၊ အိပ်ယာဝင်လည်း ဒါဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေ့လာတယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းကို မေ့လာတယ်။ နောက်ဆုံး ကိုယ်နဲ့အနီးဆုံးလူကိုတောင် စကားသိပ်မပြောဖြစ်တော့တဲ့ အခြေအနေထိ ရောက်လာတာတွေ ရှိနေပါတယ်။
နိုင်ငံခြားမှာတော့ ဖေ့စ်ဘွတ်ခ်သုံးစွဲတာတွေကို လျှော့ချဖို့ လှုံ့ဆော်တဲ့ ပညာပေး ဗွီဒီယိုဖိုင်လေးတွေ ထုတ်လွှင့်ကြတာကို တီဗွီအစီအစဉ်တခုကနေ ကြည့်လိုက်ရတယ်။ ဖေ့စ်ဘွတ်ခ်ကိုပဲ စွဲလမ်းလွန်းပြီး ပျော်မွေ့နေမယ်ဆိုရင်တော့ မုန့်ဟင်းငါးသည်လေးလို ဘ၀ပျက်ကိန်း ဆိုက်နိုင်တယ် ဆိုတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း တချက်လောက် အချိန်ပေးပြီး လှည့်ကြည့်စေချင်ပါတယ်။
ကဲ…….ကျမကလည်း မေးလိုက်ချင်တယ်။ ပုလွေမှုတ်မှာလား….. မုန့်ဟင်းငါး ရောင်းမှာလားလို့လေ။
(ဖေ့စ်ဘွတ်ခ်ပေါ်က ဖတ်စရာလေးတွေကို သယ်ဆောင်လာပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။)
သင်းသင်းသော်