A d v e r t i s e m e n t With Us

အများပိုင်ကုမ္ပဏီယာဉ်လိုင်းများတွင် ခရီးသည်တင်ယာဉ် အသစ်သာ အသုံးပြုသွားမည်

ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ လက်အောက်က အများပိုင်ကုမ္ပဏီတွေမှာ ခရီးသည်တင်ယာဉ် အသစ်တွေပဲ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ ခရီးသည်ယာဉ် အများစုဟာ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်မှု မရှိတော့တဲ့အတွက် အခုလို ကားသစ်တွေ အစားထိုးဖို့ စီစဉ်တာပါ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ လုပ်ငန်းစဉ်အရ လက်ရှိယာဉ်လိုင်းတွေကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြေးဆွဲရမှာ ဖြစ်ပါတယ်။ “ကားဟောင်းတဲ့ဟာတွေကိုတော့ ဆရာတို့က ဖျက်ခိုင်းမှာ။ ဒီအများပိုင်ထဲမှာတော့ လက်ခံမှာ မဟုတ်ပါဘူး။ ဆရာပြောချင်တာကတော့ ဆရာတို့ မော်ဒယ်တခုကို သတ်မှတ်မှာ ဖြစ်ပါတယ်။ ဒါလည်း ကြေညာမှာပါ။ ဆရာတို့ပြောချင်တာက Fully Aircon ဖြစ်ရမယ်၊ ကားက ကြံ့ခိုင်မှု ကောင်းရမယ်၊ အမြင်လှရမယ်၊ ဥပဓိရုပ် ကောင်းရမယ်။ ဒါတွေနဲ့ ယာဉ်မောင်းကို ဆရာတို့ ခွင့်ပြုမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောပါတယ်။ ယာဉ်ပိုင်ရှင်တဦးဖြစ်တဲ့ ကိုတရုတ်လေးကလည်း “ကျနော်တို့ ယာဉ်ပိုင်ရှင် အများစုကတော့ တော်တော်အဆင်ပြေမယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိ ကိုယ်ရကိုယ်ယူ စနစ်တွေ အဆင်မပြေတဲ့အခါကျတော့ စနစ်တခုကို ပြောင်းသွားစေချင်တယ်ပေါ့။ မိဘပြည်သူတွေလည်း အဆင်ပြေမယ်၊ ယာဉ်လုပ်သားတွေလည်း အဆင်ပြေမယ်ပေါ့။ ယာဉ်ပိုင်ရှင်တွေလည်း အဆင်ပြေမယ့် စနစ်တခုကို ယာဉ်ပိုင်ရှင်အများစုက ပြောင်းလဲချင်တဲ့ အချိန်ပါ” လို့ ပြောပါတယ်။ ယာဉ်ပိုင်ရှင်တွေ ကားသစ်လဲတဲ့အခါ လိုင်စင်နဲ့ ဘဏ်ချေးငွေ ရရှိဖို့အထိပါ အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမယ်လို့ ဒေါက်တာမောင်အောင်က ဆက်ပြောပါတယ်။ “ကားသစ်ဝယ်ဖို့အတွက် ပိုက်ဆံမလောက်ဘူး ဆိုရင်လည်း ဆရာတို့ ဒီအဖွဲ့က ဘဏ်တွေနဲ့ ချိတ်ဆက်ထားပြီးပါပြီ။ သူတို့ ၀ယ်လို့ရအောင်ပေါ့နော်။ ဥပမာ ဒီကားသစ်က သိန်း ၂၀၀ ကျတယ်ထားပါတော့။ သူမှာ သိန်း ၁၀၀ ပဲ ရှိတယ်ဆိုရင် ဆရာတို့ Hire Purchase စနစ်နဲ့ပေါ့နော် ၀ယ်လို့ရအောင် ဘဏ်တွေကလည်း သူတို့ ပါဝင်ပြီးတော့ ဖြည့်ဆည်းပေးမယ်လို့ ပြောထားပြီးသား ရှိပါတယ်။” ကိုတရုတ်လေးကလည်း “ကျနော်တို့ အများပိုင်စနစ်တွေ သွားမယ်ဆိုရင် လက်ရှိမြို့တော်အင်္ဂါရပ်နဲ့ မညီတဲ့ ယာဉ်အများစုကို ကျနော်တို့ ယာဉ်သစ်တွေနဲ့ အစားထိုးပြီး ပြေးဆွဲရမှာပါ။ ဒီအပေါ်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အစီအမံတွေ အများကြီးလုပ်မယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီယာဉ်တွေကို ပြောင်းလဲပြေးဆွဲတဲ့ အချိန်မှာပေါ့၊ ကုန်ကျစရိတ်တွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘဏ်ချေးငွေတွေ ထုတ်ပေးမယ်လို့ ကျနော်တို့ အကြမ်းဖျဉ်းတော့ သိထားပါတယ်။ ကျန်တဲ့ တိတိကျကျတော့ မူဝါဒထွက်ပြီးမှပဲ ကျနော်တို့ တိတိကျကျ သိရမယ့် အနေအထား တခုမှာရှိပါတယ်” လို့ ဆိုပါတယ်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး မထသ ဗဟိုလက်အောက်မှာ ယာဉ်လိုင်း ၃၅၀ ကျော်က ယာဉ်စီးရေ ၄၅၀၀ ၀န်းကျင်နဲ့ နေ့စဉ် ခရီးသည် ၂ ဒသမ ၆ သန်းကျော်ကို သယ်ယူ ပို့ဆောင်ပေးနေပါတယ်။ ဒီယာဉ်လိုင်းတွေထဲက လိုင်းယူပြီး ပြေးဆွဲခြင်းမရှိတဲ့ လိုင်းတွေနဲ့ ယာဉ်အရေအတွက်နည်းတဲ့ လိုင်းတွေကို ပေါင်းပြီး ယာဉ်လိုင်းအရေအတွက် လျှော့ချတာတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up